ဟင်္သာတ ၁၁ ဇွန် 

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်တွင် မိုးရာသီကာလ မြစ်ရေကြီးမြင့်မှုများဖြစ်ပေါ်လာပါက တာတမံအနီးနေ ကျေးရွာပြည်သူများ ရေဘေးအန္တရာယ် ကာကွယ်နိုင်ရန် ရည်ရွယ်ကျင်းပသည့် ရေးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက စစ်ကုန်းကျေးရွာအုပ်စုရှိ ဧရာဝတီ - ဟင်္သာတ တာ အမှတ် (၁၃) ရေကင်းစခန်းအနီးတွင် ပြုလုပ်ကျင်းပခဲ့သည်။

သရုပ်ပြပွဲတွင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဖုန်းခိုင်ဇော်က တာတမံများတွင် မြစ်ရေမြင့်တက်စဉ် သတိပြုရမည့်အချက်များဖြစ်သည့် တာအိ တာလျောခြင်း၊ တာထိပ်ပေါ်ရေကျော်ခြင်း၊ ရေပေါက်(ထူးပေါက်)၊ သဲဗွက်ထခြင်းများ ဖြစ်ပေါ်တတ်သည့် အကြောင်းအရင်းများကို ရှင်းလင်းပြောကြားပြီး အလားတူ ဖြစ်စဉ်များဖြစ်ပေါ်ပါက ကာကွယ်ရန် နည်းလမ်းများဖြစ်သည့် မြေသား (သို့မဟုတ်)သဲအိတ်ကန်သင်း ဆင့်ခြင်း၊ တာခြေကန်ခြင်း၊ ရေခွေ ခွေခြင်း စသည့် အရေးပေါ်ကာကွယ်ရေးနည်းလမ်းများကို လက်တွေ့ပြသခဲ့ရာ ဌာနဆိုင်ရာများ၊ စစ်ကုန်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာမှ ဒေသခံများ၊ မြို့နယ်ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့နှင့် ပရဟိတ အဖွဲ့အစည်းများက ကြည့်ရှုခဲ့ကြသည်။

 

mdn

 

ဟင်္သာတမြို့နယ်တွင် တာမိုင် ၄၇ မိုင် ၅ ဖာလုံရှိသည့် ဧရာဝတီ-ဟင်္သာတ တာ နှင့် ဦးမိုးလေးဖြတ်တာ၊ ကမ်းနားတာ၊ ဖြတ်တာ (၁)၊ ဖြတ်တာ (၂) နှင့် ဖြတ်တာ (၃) စုစုပေါင်းတာတမံ (၆) ခုရှိပြီး ရေကင်းတဲ (၁၄) ခုတွင် တာတမံမိုးလုပ်သား (၅၇) ဦး၊ နှစ်ပတ်လည်လုပ်သား (၃၆) ဦးတို့ဖြင့် ရေဘေးကာကွယ်ရေးနှင့် တာတမံထိမ်းသိမ်းရေး လုပ်ငန်းများကို မြစ်ရေကြီးနေစဉ် ကာလတွင်  နေ့ညမပြတ် တာဝန်ပေးချထား လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာတမံ‌တောင့်တင်း ကြံ့ခိုင်စေရန်နှင့် မြေတွင်းခိုအောင်းနိုင်သည့် ခြ၊ ကြွက်စသည့် တိရစ္ဆာန်များ မခိုအောင်းနိုင်စေရန်အတွက် တာတမံအနီးနေ ဒေသခံပြည်သူများအနေဖြင့် တာတမံ၏ ဘေးဝဲယာတို့တွင် အမှိုက်များမစွန့်ပစ်ကြရန် တားမြစ်အသိပေးဆိုင်းဘုတ်များ စိုက်ထူထားကြောင်းသိရသည်။

ကျော်ကျော်(ပြန်/ဆက်)