ပွင့်ဖြူ ၂ ဩဂုတ်
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပေါက်ကုန်းကျေးရွာအုပ်စု ကံလှကျေးရွာတွင် ဩဂုတ် ၁ ရက်နေ့က ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုကြောင့် လူနေအိမ်တစ်လုံး ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရမှုအတွက် သဘာဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ယနေ့ မွန်းတဲ့ ၁၂ နာရီက ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ လာရောက်ပြီး ကမ်းပါးပြို မိသားစုဝင်များအတွက် ပြောင်းရွှေ့စရိတ်ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့ရသည့် လူနေအိမ်အတွက် ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေး ပစ္စည်းများ ပေးအပ်ရာတွင် ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော် က အချိန်အခါမရွေး ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေး အန္တရာယ်များနှင့် ပတ်သက်၍ ထိခိုက်ပျက်စီးမှုများ လျော့နည်း သက်သာစေရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ စီစဉ်ဆောင်ရွက် ထားရှိရန်ကိစ္စရပ်များနှင့် ထောက်ပံ့ငွေများအား အကျိုးရှိရှိ သုံးစွဲသွားရန် ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက မြစ်ကမ်းပါးပြိုကျမှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရသည့် ပွင့်ဖြူမြို့နယ် ကံလှကျေးရွာမှ ဦးညွန့်လှိုင် ထံ ပြောင်းရွှေ့စရိတ်ထောက်ပံ့ငွေကျပ် တစ်သိန်း၊ မိသားစုဝင် လေးဦးအတွက် စားနပ်ရိက္ခာဆန်ဖိုးငွေကျပ် ၈၄၀ဝ၊ စုစုပေါင်း ထောက်ပံ့ငွေကျပ် ၁၀၈၄၀ဝ နှင့် ကယ်ဆယ်ရေးပစ္စည်း ၉ မျိုးတို့အား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


