ပုသိမ် ၁ဝ  ဧပြီ

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် ရွှေမြင်တင် ကျေးရွာအုပ်စု ရွှေမြင်တင် ကျေးရွာတွင် ကိုဗစ် - ၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် မဟာသင်္ကြန် ရုံးပိတ်ရက်ရှည်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအတွက် အိမ်ထောင်စု တစ်စုလျှင် ဆန်ရှစ်ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဆား ၅၀ ကျပ်သား၊ ပဲတစ်ပိသာနှင့် ကြက်သွန်နီတစ်ပိသာ စုစုပေါင်း ထောက်ပံ့ကူညီမှု ငါးမျိုးစီအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတွင်းရေးမှုးတို့က အိမ်တိုင်ရာရောက် လိုက်လံပေးအပ်ခဲ့ကြသည်။

 

အဆိုပါ ရွှေမြင်တင်ကျေးရွာတွင် ကျေးရွာပေါင်း ၆ ရွာရှိပြီး အိမ်ထောင်စု စုစုပေါင်း ၁၆၅၁ ရှိသည်။ ယနေ့တွင် အိမ်ထောင်စု ၅၈၁ စု ကို ထောက်ပံ့ပေးအပ်ခဲ့​ပြီး မြို့နယ်အတွင်း ပေးအပ်ရန်ကျန်ရှိသည့် အိမ်ထောင်စုများသို့ ဆက်လက်ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်သည်။

 

mdn

 

ထောက်ပံ့ပေးအပ်ခြင်းနှင့်ပတ်သက်၍ ပုသိမ်မြိုနယ် အုပ်ချုပ်ရေးမှူး ဦးရာ​ဇာအေး က “ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့အတူ ရွှေမြင်တင်ကျေးရွာ အုပ်စုမှာရှိတဲ့ အိမ်ထောင်စု ၅၈၁ စုကို စတင် ထောက်ပံ့တာ ဖြစ်ပါတယ်။ ဒီရွာမှာဆိုရင် အ​ခြေခံလူတန်းစားအနေနဲ့ အိမ်ထောင်စု ၁၆၅၁ စုရှိတဲ့အနက် ၅၈၁ စုကို ထောက်ပံ့ ပေးတာဖြစ်တယ်။ တစ်မြို့လုံးအနေနဲ့ မြို့နယ်အတွင်းမှာ အိမ် ထောင်စုပေါင်း ၈၈၆၈၆ စုရှိပြီး၊ အခြေခံလူတန်းစား အိမ်ထောင်စု ၃၄၈၀၀ စုအတွက် ထောက်ပံ့ရေးပစ္စည်း  ငါးမျိုးကို ထောက်ပံ့ ပေးသွားမှာဖြစ်ပါတယ်။ ယခုလက်ရှိ အနေအထားမှာ အစိုးရအဖွဲ့ကနေ ဆန်တွေ၊ ဆီတွေကို ဆန်ကန်သည်ကြီးများအသင်း၊ ဆီကုန်သည်ကြီးများ အသင်းတွေနဲ့ ချိတ်ဆက်ပြီး ဝယ်ယူမှုတွေ စတင်လုပ်ဆောင်နေပါပြီ။ ထောက်ပံ့ရေး ပစ္စည်းတွေ ရောက်တာနဲ့ ကျေးရွာတွေကို ချက်ချင်းအမြန်ဆုံး ရောက်အောင် ဖြန့်ဖြူးပေးသွားမှာပါ”  ဟု ပြောသည်။

 

“ဒီနေ့ ထောက်ပံ့ရေးပစ္စည်း ငါးမျိုးရရှိတဲ့အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကို ကျေးဇူးတင်ပါတယ်။ ဒီရောဂါကြောင့် အဖွားတို့ပြည်သူတွေ ကြောက်လန့်နေချိန်မှာ အခက်အခဲမရှိအောင် ထောက်ပံ့ပေးတဲ့အတွက် ကျေးဇူးအများကြီး တင်နေကြတာပါ။ ရပ်ဝေးမှာ သူများတွေ ရောဂါဖြစ်တဲ့ အကြောင်းပြောကြတော့ အဖွားတို့လည်း ဘယ်မှမသွားဘူး။ ခရီးသွားဖို့ ပြင်ဆင်ထားတာတောင် မသွားတော့ဘူး” ဟု  ရွှေမြင်တင်ကျေးရွာနေ ဒေါ်မြအေး ပြောသည်။

 

သတင်း/ဓာတ်ပုံ မောင်မောင်မြင့်၊ လှမင်းထွဋ်(ပြန်/ဆက်)