မန္တလေး ၇ နိုဝင်ဘာ

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် နိုဝင်ဘာ ၇ ရက်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် တည်ဆောက်ပြီးစီးသွားသော ကိုဗစ်ကုသရေး ဧရာဝတီစင်တာ (မန္တလေး) သို့ လာရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး တာဝန်ထမ်းဆောင်ကြမည့် ဆရာဝန်၊ သူနာပြုများ၊ စေတနာ့ဝန်ထမ်းများကို တွေ့ဆုံအားပေးခဲ့သည်။

၀န်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဧရာဝတီစင်တာအတွင်း လိုက်လံကြည့်ရှုပြီး ဧရာဝတီဖောင်ဒေးရှင်း တာဝန်ရှိသူများက ဆောင်ရွက်ထားမှုများအား ရှင်းလင်းတင်ပြသည်။ ဧရာဝတီစင်တာ (မန္တလေး) ကို  နိုဝင်ဘာ ၇ ရက် ညနေပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့ပြီး  ICU/HDU ကုတင် ၁၀၀ နှင့် Test and Care စင်တာတို့ကို မကြာမီရက်ပိုင်းအတွင်း ထပ်မံဖွင့်လှစ်သွားမည်ဖြစ်သည်။ ကုတင် ၃၀၀ ဆံ့ ကိုဗစ် - ၁၉ ရောဂါကုသရေးဌာန (ချမ်းမြသာစည်) ဧရာဝတီစင်တာကို အောက်တိုဘာလကုန်ပိုင်းတွင် စတင်တည်ဆောက်ခဲ့ပြီး နိုဝင်ဘာ ၇ ရက်တွင် လူနာများ စတင်လက်ခံနိုင်ခဲ့ခြင်း ဖြစ်သည်။ ဧရာဝတီစင်တာ (မန္တလေး) တွင် ရောဂါကုသမှုများနှင့် ကျန်းမာရေး စောင့်ရှောက်မှုများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်ကာ ကျန်းမာရေးဝန်ထမ်း၊ စေတနာ့ဝန်ထမ်းများနှင့် ရောဂါကုသမှုခံယူမည့် လူနာများ၏ နေ့စဉ် အစားအသောက်များကို ဧရာဝတီဖောင်ဒေးရှင်းက တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်သည်။

ဧရာဝတီဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားကတည်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုကိုခံယူကာ ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ရန်ကုန်မြို့တွင်လည်း  ကိုဗစ်-၁၉ ရောဂါကုသရေး ဧရာဝတီစင်တာကို တည်ဆောက် ဆောင်ရွက်ပေးလျက်ရှိကာ ရောဂါကူးစက်ခံထားရသည့် လူနာများအပြင် အရေးပေါ်လူနာများအား ကုသပေးနိုင်မည့် ICU နှင့် HCU စင်တာများကိုလည်း ထည့်သွင်းဆောက်လုပ်ထားသည်။

သတင်း-ရဲရင့်ရှိုင်း
ဓာတ်ပုံ -  ကိုမိုး