မန္တလေး ၁၂ ဒီဇင်ဘာ

 

မြန်မာနိုင်ငံတွင် သတ်မှတ်ထားပြီးဖြစ်သည့် ဧရာဝတီလင်းပိုင် ထိန်းသိမ်းစောင့်ရှောက်ရေးဧရိယာ အုပ်ချုပ်မှု စီမံချက်များ ပြင်ဆင်ရေးဆွဲနေကြောင်း သိရသည်။

 

ဧရာဝတီ လင်းပိုင်  ထိန်းသိမ်းရေး ဧရိယာများကို    ၂ဝဝ၅ ခုနှစ်တွင် တစ်နေရာ ၂၀၁၈ ခုနှစ်တွင် တစ်နေရာ သတ်မှတ်ထားပြီဖြစ်ပြီး ဖြစ်ကြောင်း သိရသည်။ "ထိန်းသိမ်းရေးဧရိယာအသစ်ကလည်း    လုပ်ထားပြီးသားဆိုတော့ နှစ်ခုပေါင်းပြီးတော့ ဒီအစီအစဉ်ကို မွမ်းမံမှာဖြစ်ပါတယ်။ ၂ဝဝ၉ ခုနှစ် လောက်ကတည်းက   ဆွဲလာပြီးပြီဆိုတော့  လက်ရှိအနေအထားအရ ရောဒေသခံတွေ ဆီကရော လက်ရှိ အချိန်မှာဘာတွေ ဖြစ်နေသလဲ။ ဘာတွေထွက်မလဲဆိုတာကို ထပ်သိဖို့ပေါ့။ သူတို့ရဲ့အကြံဉာဏ် ကိုယူတာပေါ့။ ဘာတွေလုပ်ရင်ဘယ်လိုတွေ ကောင်းမလဲ ဆိုတာတွေပေါ့" ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး တာဝန်ခံ  ဦးဟန်ဝင်းက ပြောသည်။

 

လက်ရှိတွင် မန္တလေးမြို့နန်းတော်ကျွန်း ကျေးရွာအနီးမှ ကျောက်မြောင်း မြို့ရေတော်ဘုရားအထိ မြစ်ပိုင်းကို ဧရာဝတီ လင်းပိုင်ထိန်းသိမ်း စောင့်ရှောက်ရေးနယ်မြေအဖြစ် ၂ဝဝ၅ ခုနှစ် ဒီဇင်ဘာလ အတွင်းတွင် သတ်မှတ်ခဲ့ပြီး ဒုတိယ ထိန်းသိမ်းရေး ဧရိယာဖြစ်သည့် ထီးချိုင့်၊ ကသာ၊ ကချင်ပြည်နယ် ရွှေကူမြို့တို့ကို ၂၀၁၈ ခုနှစ်က သတ်မှတ်ခဲ့သည်။

 

ဧရာဝတီလင်းပိုင်များသည် မန္တလေးတိုင်းဒေသကြီး   မင်းကွန်းဒေသမှ ကချင်ပြည်နယ် ဗန်းမော်မြို့အထိ နေထိုင်ကျက်စားကြပြီး ဧရာဝတီလင်းပိုင်များအား နောက်ဆုံး  ကောက်ယူခဲ့သည့် စာရင်းများ အရ ပထမထိန်းသိမ်းရေး ဧရိယာအတွင်းတွင် လင်းပိုင် ၂၅ ကောင်၊ ဒုတိယ ထိန်းသိမ်းရေး ဧရိယာအတွင်းတွင် လင်းပိုင်  ၃၄ ကောင်ရှိကြောင်း သိရသည်။

 

လင်းပိုင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းတွေကို ငါးလုပ်ငန်းဦးစီးဌာန၊ သားငှက်ထိန်းသိမ်းကာကွယ်ရေးအဖွဲ့ (WCS) တို့မှ ကျေးရွာလူထုနဲ့  ပူးပေါင်းကာ ထိန်းသိမ်းနေကြောင်း သိရသည်။

 

သူရိန်လင်း