မန္တလေး ၂၁ နိုဝင်ဘာ
ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး ၁ နှစ် စီမံချက် တတိယလ၏ ပထမ ၁၅ ရက်တွင် စုစုပေါင်း ရှော့တိုက် ငါးဖမ်းဆီးသော စက်နှင့် ရှပ်တန်းပါ လှေ ၄ စီး ၊ ဘက္ထရီအိုး ၄ လုံး၊ ရှော့ပုံး ၄ လုံး၊ ရှော့ဂေါ်တံ ၄ ချောင်း၊ ရှော့မျှောပိုက် ၁ လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါသည်။
ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ၁ နှစ် စီမံချက် တတိယလ၏ ပထမ ၁၅ ရက်အဖြစ် နိုဝင်ဘာလ ၁ရက် မှ ၁၅ ရက်နေ့အထိနံနက်အစောပိုင်း၊ နံနက်ပိုင်း၊ နေ့လည်ပိုင်း၊ ညနေပိုင်း၊ ညပိုင်းများတွင် ကင်းလှည့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်အတွင်းရှော့တိုက်ငါးဖမ်းဆီးသော စက်၊ ရှပ်တန်းပါလှေ ၃ စီးနှင့် ဆက်စပ်ပစ္စည်းများအား စဉ့်ကူးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနသို့ လည်းကောင်း၊ဝက်လက်မြို့နယ်၊ ငါးပါတ်ချောင်းကျေးရွာအနီးတွင် ဖမ်းဆီးရမိသော ရှော့တိုက်ငါးဖမ်းဆီးသည့် စက်နှင့် ရှပ်တန်းပါလှေ ၁ စီးနှင့် ဆက်စပ်ပစ္စည်းများအား ရွှေဘိုခရိုင် ငါးလုပ်ငန်းဦးစီးဌာနသို့ လည်းကောင်း ပေးပို့အပ်နှံခဲ့ကြောင်း သိရသည်။
ဧရာဝတီလင်းပိုင် မျိုးမသုဉ်ရေးအတွက် တရားမဝင်ရှော့တိုက်ငါးဖမ်းဆီးမှုများ လျော့နည်း ပပျောက် စေရန်အတွက် ငါးလုပ်ငန်းဦးစီးဌာန၊ ပတ်ဝန်းကျင်နှင့် မျိုးသုဉ်းရှားပါး ရေသတ္တဝါများ ထိန်းသိမ်းရေး ဌာနစု၊ မတ္တရာ မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန၊ စဉ့်ကူးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန၊ ကန့်ဘလူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန၊ အမှတ် (၁) ရေကြောင်းရဲကွပ်ကဲမှုအဖွဲ့ခွဲ၊ မန္တလေး၊ ဒေသခံ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး အစုအဖွဲ့တို့ ပူးပေါင်းပါဝင်ဆောင်ရွက်ကြကြောင်း သိရှိရပါသည်။
ဖြိုးအိ


