ကသာ ၂၅  ဇွန်

 

ဧရာဝတီမြစ်အတွင်း၌ ရေသယံဇာတထိန်းသိမ်းရေး အသိပညာပေးခြင်းနည်းလမ်း၊ ဧရာဝတီ လင်းပိုင်များ သေကြေဆုံးရှုံးမှု ပေါ်ပေါက်စေနိုင်သော တားမြစ်ထားသည့် နည်းစနစ်များဖြင့် ငါးဖမ်းဆီးမှုများအား တားဆီးကာကွယ်ခြင်း နည်းလမ်းတို့ဖြင့် ဧရာဝတီလင်းပိုင်များကို ဆက်လက်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်မှုပေးသွားရန်ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ငါးလုပ်ငန်းဦးစီး ဌာနမှ ဇွန်(၂၄)ရက် နံနက်(၈)နာရီမှစတင်၍ ကသာမြို့မှ ထီးချိုင့်မြို့အထိ ဧရာဝတီမြစ်အတွင်း ဧရာဝတီ လင်းပိုင် ထိန်းသိမ်းရေးနှင့် ဘက်ထရီရှော့တိုက် ငါးဖမ်းဆီးမှုပပျောက်စေရေး ပညာပေး ကင်းလှည့်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး နယ်မြေဧရိယာ-၂ (Protected Area -2) အတွင်း ထီးချိုင့်၊ ကသာမှ ရွှေကူအထိ (၁၁၈.၅) ကီလိုမီတာအား ၂၀၁၈ ခုနှစ်၊ ဩဂုတ်လ(၂၈)ရက်နေ့တွင် ကြေညာသတ်မှတ်ထားခဲ့ပြီး ကသာခရိုင် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် အဆိုပါဧရိယာအတွင်း ဧရာဝတီလင်းပိုင်သုတေသနနှင့် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်း၊ တားမြစ်ငါးဖမ်းကိရိယာများဖြင့် ငါးဖမ်းဆီးမှုပပျောက်စေရေး ပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

 

ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးနယ်မြေဧရိယာ-၂ (Protected Area -2) အတွင်း ကင်းလှည့် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကသာခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ထီးချိုင့် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အင်းသားကြီးများနှင့်အတူ ကသာမှ ထီးချိုင့်အထိ ဧရာဝတီမြစ်ကြောင်းအတိုင်း ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးနှင့် ဘက်ထရီရှော့တိုက်ငါးဖမ်းဆီးမှု ပပျောက်စေရေးပညာပေး ကင်းလှည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း၊ ထို့အပြင် ခရိုင်ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် တာဝန်ရှိသူများနှင့်ပူးပေါင်း သတ်မှတ်ဧရိယာဖြစ်သည့် ရွှေကူမြို့နယ်အထိ ကင်းလှည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင် မန္တလေးမှ ဗန်းမော်အကြား ဧရာဝတီမြစ်တွင်း ဧရာဝတီ လင်းပိုင်သုတေသနပြု ဦးရေစာရင်းကောက်ယူခြင်းနှင့် ထိန်းသိမ်းရေးအသိပညာပေး ခရီးစဉ်တွင် သားပေါက်ငယ်(၆)ကောင်အပါအဝင် ဧရာဝတီလင်းပိုင် စုစုပေါင်း(၇၉)ကောင် တွေ့ရှိခဲ့ကြောင်း ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

 

ခရိုင်(ပြန်/ဆက်)