မန္တလေးမြို့တော်တွင်ရှိသော ဈေး ၄၅ ခုအနက်မှ ဈေးခြောက်ခုကို လာမည့်နှစ်အတွင်း အဆင့်မြှင့် မည်ဖြစ်ကြောင်း မြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်ထံမှ သိရသည်။
အဆင့်မြှင့်တင်မည့် ဈေးများမှာ အောင်မြေသာစံမြို့နယ်ရှိ ဆရာစံဈေး၊ ချမ်းအေးသာစံမြို့နယ်ရှိ ရန်ကြီးအောင်ဈေး၊ မဟာအောင်မြေမြို့နယ်ရှိ မန်းမြို့ဈေး၊ ချမ်းမြသာစည်မြို့နယ်ရှိ ကန်သာယာဈေးနှင့် ပြည်ကြီးတံခွန်မြို့နယ်ရှိ တံခွန်တိုင်ဈေးတို့ ဖြစ်သည်။
"ဈေးခြောက်ခုကို လူနေမှု အဆင့်အတန်းနဲ့ ကိုက်ညီပြီး သန့်ရှင်းသပ်ရပ်မှုရှိတဲ့ ဈေးများဖြစ်စေဖို့အတွက် အဆင့်မြှင့်တင်ရခြင်း ဖြစ်တယ်။ တချို့ဈေးတွေက ညစ်ပတ်ပြီး အမှိုက်တွေ အများကြီးရှိတယ်။ အဲ့တာတွေကို ပပျောက်သွားအောင် လုပ်ဆောင်သွားပါမယ်" ဟု ဦးကျော်ဆန်းမြင့်က ဆက်ပြောသည်။
မန္တလေးမြို့တော်တွင် လက်လီလက်ကား ရောင်းချနေသော ဈေး ၄၅ ခုရှိရာ အဆိုပါဈေးများအနက် အချို့သည် ညစ်ပတ်ခြင်း၊ အမှိုက်များရှိနေခြင်း၊ အဝင်အထွက် လမ်းမကောင်းခြင်း၊ ဆိုင်ရှင်များ အနေနှင့် လမ်းပေါ်ကျူးကျော် ဖွင့်လှစ်ခြင်း၊ ဈေးအဆောက်အအုံများသည် ဆေးရောင်မှိန်ခြင်း၊ ဈေးဆိုင်ခန်း အချို့ကို ဂိုဒေါင်အဖြစ် အသုံးပြုနေခြင်းတို့ကြောင့် သန့်ရှင်းသပ်ရပ် စေရေးအတွက် အဆင့်မြှင့်တင်ရန် မြို့တော်စည်ပင်က စီစဉ်ရခြင်းဖြစ်သည်။
ဘဏ္ဍာငွေသုံး၍ ပြင်ဆင်ရမည့် ဈေးသန့်စင်ခန်းများကို လာမည့်နှစ်တွင် လုပ်ဆောင်မည်ဖြစ်ပြီး ဘဏ္ဍာငွေ သုံးရန် မလိုသည့် နေရာများကို ကို စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်ထံမှ သိရသည်။
ဈေးအတွင်း ရေမဝပ်စေရန်၊ ဈေးအနီးရှိ မြောင်းအတွင်း ရေစီးဆင်းစေရန်၊ ဆိုင်ခန်းများတွင် အမှိုက်ပုံးထားရှိရန်၊ ဈေးများတွင် စည်ပင်အမှိုက်ကန်ထားရှိပြီး စနစ်တကျ သိမ်းဆည်းမည်ဖြစ်ကြောင်း မြို့တော်စည်ပင် သန့်ရှင်းရေးဌာနထံမှလည်း သိရသည်။
သူရိန်လင်း