ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး (ထီးချိုင့်-ကသာ-ရွှေကူ မြစ်ပိုင်း) တိုးချဲ့ဧရိယာအတွင်း ပုံမှန် ကင်းလှည့်မူများ ဆောင်ရွက်လျက်ရှိရာ ဧရာဝတီလင်းပိုင်များ ကျက်စားပျော်မွေ့ရာ နေရာများကို လေ့လာမှတ်တမ်းတင်ခြင်း၊ တရားမဝင် ငါးဖမ်းဆီးမှု အခြေအနများ စောင့်ကြည့် စစ်ဆေးခြင်း၊ ဒေသခံများကို တွေ့ဆုံပညာပေး ဟောပြောခြင်း နှင့် တွေ့ရှိရသော ရေပျော်ငှက်မျိုးစိတ်များကို မှတ်တမ်းတင်ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပုံမှန်ကင်းလှည့်လုပ်ငန်းများ ဆောင်ရွက်စဉ်အတွင်း ကသာမြို့နယ်၊ မိုးတားကျေးရွာအုပ်စု၊ ဆင်ကုန်တိုင် ကျေးရွာမှ မူလတန်းကျောင်းနှင့် ဝက်သိုးကျေးရွာအုပ်စု၊ ဒေါင့်ကြီးကျေးရွာ အထက်တန်းကျောင်းခွဲတွင် ဧရာဝတီ လင်းပိုင်ထိန်းသိမ်းရေး ပညာပေး ဟောပြောခြင်းနှင့် အထိမ်းအမှတ် ပိုစတာ စိုက်ထူခြင်းတို့ကို ကျင်းပခဲ့ရာ ကျောင်းသူ/သားများ၊ ရပ်မိရပ်ဖများ၊ ရေလုပ်သားများနှင့် စိတ်ပါဝင်စားသော ဒေသခံများ တက်ရောက်သည်။
ထိုခရီးစဉ်တွင် မြစ်ရိုးတစ်လျှောက် တရားမဝင်ငါးဖမ်းဆီးမှု အခြေအနေများ စောင့်ကြည့်စစ်ဆေးရာ ကသာမြို့ နယ်၊ မိုးတားကျေးရွာ အရှေ့ဘက်ကမ်းရှိ ကျွန်းအနီးတွင် ရှော့တိုက်ငါးဖမ်း လှေတစ်စီးနှင့်အတူ ဝါယာရှော့ပိုက် နှစ်ဖုံ၊ ဗို့အားမြှင့်စက် တစ်လုံးနှင့် ဘက်ထရီအိုး တစ်လုံးတို့ကိုလည်းကောင်း၊ ကသာမြို့နယ်၊ ပန်းသေးကျေးရွာ ဝန်းကျင်တွင် ရှော့တိုက်ငါးဖမ်းလှေ နှစ်စီးနှင့်အတူ ဝါယာရှော့ပိုက် သုံးဖုံ၊ ဗို့အားမြှင့်စက် တစ်လုံး နှင့် ဘက်ထရီအိုး နှစ် လုံး စသည့် သက်သေခံ ပစ္စည်းများကို သိမ်းဆည်း၊ အရေးယူခဲ့ပြီး တရားမဝင်ရှော့တိုက်ငါးဖမ်းဆီးမှု ကျူးလွန်သူများမှာ ၎င်းတို့၏ ပစ္စည်းများကို စွန့်ခွာထွက်ပြေးသွားခဲ့သည်။
အဆိုပါ ဒီဇင်ဘာလအတွင် ပုံမှန်ကင်းလှည့်မှုလုပ်ငန်းများတွင် ကသာခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးဌာနမှူး ဦးတင့်လွင် ဦးဆောင်သော ကသာမြို့၊ ထီးချိုင့်မြို့၊ ရွှေကူမြို့ ငါးလုပ်ငန်းဦးစီးဌာနတို့မှ ဝန်ထမ်း (၆)ဦး၊ ရဲတပ်ဖွဲ့ဝင် (၂) ဦး၊ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အဖွဲ့ဝင် (၅) ဦး၊ နှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) မှ တိုးချဲ့ထိန်းသိမ်းရေးဧရိယာ ဝန်ထမ်း (၁) ဦး တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း WCS Myanmar မှ သိရသည်။
MDN