မြစ်ကြီးနား ဖေဖော်ဝါရီ ၆

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ဧရာဝတီမြစ်အတွင်းရှိ ရေလယ်ကျွန်းသဲသောင်ပြင်ပေါ်တွင် ဆောင်းခိုငှက်မျိုးစိတ်တစ်ခုဖြစ်သည့် တောငန်းခေါင်းကြားငှက် ကောင်ရေ ၄၀၀ ခန့် အုပ်စုလိုက် ထူးခြားစွာ လာရောက်ကျက်စားနေထိုင်လျက်ရှိမှုကို ဖေဖော်ဝါရီ  ၄ ရက် ညနေပိုင်းမှ စတင်တွေ့ရှိခဲ့ရသည်။

 

ယခုကဲ့သို့ လာရောက်ကျက်စားနေထိုင်မှုသည် နှစ်စဉ်နှစ်တိုင်းဖြစ်ပြီး အခြားငှက်မျိုးစိတ်များပါ နေထိုင်လေ့ရှိကာ လူများပြားပါက ယခုလို လာရောက်နေထိုင်ကျက်စားခြင်း မရှိကြောင်း၊ လက်ရှိတွင် ဧရာဝတီမြစ်အတွင်း သဲသောင်ခုံတွင် လူများနေထိုင်လာရောက် လုပ်ကိုင်ခြင်း မရှိသဖြင့် ယခုလို အုပ်စုလိုက် နေထိုင်ခြင်းဖြစ်ကြောင်းနှင့် ကချင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာပေါ်ရှိ ဆောင်းခိုငှက်များ ပျံသန်းရာလမ်းကြောင်း ကိုးခုအနက် အလယ်အာရှလမ်းကြောင်း (Central Asia Flyway)နှင့် အရှေ့- အာရှ-သြစတြေးလျလမ်းကြောင်း (East-Asian Australian Flyway) နှစ်ခုပေါ်တွင် ကျရောက်နေခြင်းဖြစ်ကြောင်း အင်းတော်ကြီးအိုင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

 

အဆိုပါ တောငန်းခေါင်းကြားငှက်မျိုးစိတ်သည် ဆောင်းခိုငှက်မျိုးစိတ် တစ်မျိုးဖြစ်ပြီး မြန်မာနိုင်ငံအပါအဝင် ထိုင်းနိုင်ငံမြောက်ပိုင်း၊ အိန္ဒိယနိုင်၊ တရုတ်နိုင်ငံ တောင်ပိုင်းတို့တွင် အောက်တိုဘာလ မှ ဧပြီလအတွင်း လာရောက်ဆောင်းခိုကျက်စားလေ့ရှိပြီး အာရှတိုက်အလယ်ပိုင်းတွင် သားပေါက်လေ့ရှိကြောင်းနှင့် အဓိကအားဖြင့် မြစ်များ၊ လယ်ကွင်းများနှင့် ရေလှောင်တမံများတွင် အများဆုံးတွေ့ရကာ မြန်မာနိုင်ငံတွင် လုံးဝကာကွယ်ထားသည့် ငှက်မျိုးစိတ်ဖြစ်ပြီး International Union for Conservation of Nature-IUCN (အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းရေးအဖွဲ့) ၏ Status အရ Least Concern-LC (မျိုးသုန်းရန် မစိုးရိမ်ရသေးသော မျိုးစိတ်) ဖြစ်ကြောင်း သိရသည်။

 

ပြည်နယ်(ပြန်/ဆက်)