ရွှေဘို  ၁၈  ဒီဇင်ဘာ

 

ရွှေဘိုမြို့နယ်၊ ဧရာဝတီမြစ်အတွင်းရှိ ရွှေကျွန်းသာသဲသောင်ပြင်အပန်းဖြေစခန်းကို ပြင်ဆင်ရေးလုပ်ငန်း များပြီးစီးပြီဖြစ်ရာ ဒီဇင်ဘာလ(၂၃)ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရွှေကျွန်းသာသဲသောင်ပြင် အပန်းဖြေ စခန်းအကောင်အထည် ဖော်ရေးအဖွဲ့ဥက္ကဌဦးမျိုးညွန့်၏ပြောကြားချက်အရ သိရသည်။

 

ရွှေကျွန်းသာ သဲသောင်ပြင်အပန်းဖြေစခန်းသည် ရွှေဘိုမြို့နယ် ဆည်ပင်ကျွန်းကျေးရွာ မခေါက် ကျေးရွာအနီး အကျယ်(၆)ဧကခန့်ရှိ ဧရာဝတီမြစ်အတွင်းသောင်ပြင်ပေါ်တွင် တည်ဆောက် ဖွင့်လှစ်ခြင်း ဖြစ်ပြီး လာရောက်လည်ပတ် သူများအပန်းဖြေနိုင်ရေး ဘန်ဂလို အလုံး ၂၀၊ လှေ(၅)စီး၊ ဘောကွင်းအခု (၅၀)၊ ဧရာဝတီလင်းပိုင်များကို ကြည့်ရှုနိုင်သည့် မျှော်စင်(၃)ခု၊ ရေလျှောစဉ်တို့ကို စီစဉ် ပေးထား ကြောင်း သိရသည်။

 

92

 

 ““ကျွန်းပေါ်မှာ အပန်းဖြေအနားယူနိုင်ဖို့ ဘန်ဂလိုတည်ဆောက်တာတွေ၊ အပန်းဖြေ စခန်းရေပြင်မှာ ရေလွှာ လျှောစင်တွေ၊ အပျော်လှေစီးနိုင်ဖို့လှေတွေကိုလည်းစီစဉ်ပြီးပါပြီ၊ စွန့်ပစ်ရေသန့်ဘူးတွေနဲ့ တည်ထားတဲ့ ရောင်စုံ စေတီတည်ပြီးပြီ၊ သဲပန်းပုတွေကတော့ ဖွင့်ပွဲပြီး နောက်ပိုင်းမှာမှ နွယ်ငြိမ်းကျေးရွာက စဉ့်လုပ်ငန်းပညာရှင်တွေလာပြီးတော့ ထုလုပ်နိုင်မှာပါ၊ အပန်းဖြေ စခန်းကို လာရောက် လည်ပတ်ကြတဲ့ ဧည့်သည်တွေအပန်းဖြေရင်း စားသောက်နိုင်ဖို့ စားသောက်ဆိုင်တွေ ကိုလည်းစီစဉ်ပြီးသွားပြီ၊ အပန်းဖြေစခန်းဖွင့်တဲ့ကာလအတွင်းမှာ လာရောက် လည်ပတ်ကြတဲ့ ပြည်သူတွေထဲက လှေလှော်တာကို ဝါသနာပါလို့ သင်ယူနိုင်ဖို့အတွက် မန္တလေး လှေလှော်အဖွဲ့ချုပ်က လာပြီးတော့ သင်တန်း ပေးနိုင်အောင်စီစဉ်ပေးထားတယ်၊ အပန်းဖြေစခန်း အနီးဝန်းကျင် ဧရာဝတီမြစ် အတွင်းမှာ ဧရာဝတီလင်းပိုင်တွေကိုလည်း ကြည့်ရှုလေ့လာနိုင်မှာဖြစ်တဲ့အတွက် လာရောက်လည်ပတ်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်”” ဟုရွှေကျွန်းသာ အပန်းဖြေစခန်းအကောင်အထည်ဖော်ရေး အဖွဲ့ ဥက္ကဌ ဦးမျိုးညွန့်က ပြောသည်။

 

လာရောက်လည်ပတ်လိုသည့် ဧည့်သည်များအနေဖြင့် ရွှေဘိုမြို့မှ မခေါက်ကျေးရွာသို့ မော်တော်ယာဉ် မော်တော်ဆိုင်ကယ်များဖြင့်လည်းကောင်း၊ ကျောက်မြောင်းမြို့နယ်ခွဲ နွယ်ငြိမ်းကျေးရွာမှ ဧရာဝတီမြစ်ကြောင်းအတိုင်း လည်းကောင်း၊ စစ်ကိုင်းနှင့်မန္တလေးမြို့မှ ဧရာဝတီမြစ်ကြောင်း အတိုင်းလည်းကောင်း စဉ့်ကူးမြို့နယ်ဘက်မှရှိ မော်တောမြင်သာဘုရားလှေဆိပ်မှ ဧရာဝတီမြစ်ကိုဖြတ်ပြီး စက်လှေများဖြင့်လည်းကောင်း လာရောက်လည်ပတ် နိုင်ကြောင်းသိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)