မန္တလေး ၁၈ ဒီဇင်ဘာ
မန္တလေးမြို့ ဧရာဝတီမြစ် ဆိပ်ကမ်းသာယာလှပရေးအတွက် မရမ်းခြံဆိပ်ကမ်းကို နိုင်ငံခြားသားခရီးသွားဆိပ်ကမ်းအဖြစ် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း မရမ်းခြံဆိပ်ကမ်း အဆင့်မြှင့်တင်ရေးကော်မတီမှ သိရသည်။
မန္တလေးမြို့ ဆိပ်ကမ်းသာယာလှပရေးအတွက် Master Plan ကို နယ်သာလန်နိုင်ငံမှ Royal Haskoning Consultant ကုမ္ပဏီမှ ရေးဆွဲနေပြီး ယခုလအတွင်း ပြီးမည်ဖြစ်ကြောင်းသိရသည်။
“Master Plan ကို နောက်ဆုံးအကြိမ်ဒီလထဲမှာ သူတို့လာရောက်တင်ပြမယ်။ အဲဒီထဲက မရမ်းခြံဆိပ်ကမ်းကို နိုင်ငံခြားခရီးသွားဆိပ်ကမ်း အဖြစ် ပထမဆုံးစလုပ်မယ်လို့ ဝန်ကြီးချုပ်က ညွန်ကြားထားသလို စတင်အကောင်အထည်ဖေါ်မှာပါ” ဟု မရမ်းခြံဆိပ်ကမ်း အဆင့် မြှင့်တင်ရေး ကော်မတီ ဥက္ကဌ ဦးခင်မောင်အေး ကပြောသည်။
မန္တလေးမြို့ဆိပ်ကမ်းသာယာလှပရေးအတွက် အကောင်ထည်ဖော်ဆောင်ရွက်ရာတွင် စားသောက်ဆိုင်များ၊ ကုန်တင် ကုန်ချပြုလုပ်ရန်နေရာများ၊ ခရီးသွားရေယာဉ်များ ရပ်နားရန် နေရာများ၊ အများနှင့် သက်ဆိုင်သော ဥယျာဉ်များ ထည့်သွင်းဆောင်ရွက် မည်ဖြစ်သည်။
“လက်ရှိမှာ နိုင်ငံခြားခရီးသွားရေယာဉ်တွေက နေရာသတ်မှတ်ချက်မရှိသေးတော့ ဟိုနေရာကပ်လိုက်၊ တခြား ဆိပ်ကမ်းပိုင်ရှိတဲ့နေရာ သွားကပ်လိုက် နဲ့ အိန္ဒြေမရဖြစ် နေတာပေါ့” ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။
မန္တလေးမြို့ ဧရာဝတီမြစ် ဆိပ်ကမ်းသာယာလှပရေးအတွက် Master Plan အတည်ပြုပြီးပါက ပြည်သူလူထုကို ချပြဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
အိမို့မို့ခိုင်