သိန်းညွန့် PZL
မြစ်မင်းဧရာဝတီ၏ ရေဝေရေလဲဒေသ အစိတ်အပိုင်းတစ်ခုဖြစ်သော “ရွှေဥဒေါင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော” သည် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မိုးကုတ်မြို့နယ် သပိတ်ကျင်း မြို့နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ် သုံးမြို့နယ်အတွင်း တည်ရှိသော ဘေးမဲ့တောကြီးတစ်ခု ဖြစ်ပါသည်။
မူလကနဦးအစက “ကြံ့၊ ကျား၊ ဆင်၊ ကျားသစ်၊ ပြောင်နှင့် တောဆိတ် ”စသော တိရစ္ဆာန်များ ပေါများ မှုကြောင့် ၁၉၂၇ ခုနှစ်က စနစ်တကျ အမဲလိုက်ရန် ဧရိယာတစ်ခုအဖြစ် သတ်မှတ်ခဲ့ပါ၏။ နောက်ပိုင်း တွင်မူ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေ(၁၉၉၄) အရ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအဖြစ် သစ်တောဦးစီးဌာနက သတ်မှတ်ဖွဲ့စည်းကာ စနစ်တကျ အကောင်အထည်ဖော်ခဲ့သည်။
“ဘိုးတော်ကြီးတောင်” ဟု ခေါ်ဆိုကြသည့် ရွှေဥဒေါင်းတောင်မကြီးသည် အမြင့် ၆၂၀၇ ပေ ရှိပြီး “နှမတော်လေးတောင်” (ကျောက်ဖျာတောင်)မှာ အမြင့်ပေ ၅၅၂၀ ရှိကာ တောင်စွယ်၊ တောင်တန်း အဖုံဖုံဖြင့် သိုင်းခြုံတည်ရှိသော ဘေးမဲ့တောဖြစ်သည်။
ဘေးမဲ့တောဧရိယာအတွင်း အဓိကစီးဆင်း
ရွှေဥဒေါင်း၊ အုံဒါန်နှင့် တုံခါးချောင်းတို့သည် ဘေးမဲ့တောဧရိယာအတွင်း အဓိကစီးဆင်းနေပြီး “နမ့်စစ်၊ ကင်း၊ သွေးခြောက်၊ ရေညှာဦးနှင့် ကနစိုး ချောင်းအသွယ်သွယ်တို့သည်လည်း ဘေးမဲ့တော အတွင်းမှတစ်ဆင့်ချောင်းဖျားခံကာ ဧရာဝတီမြစ်အတွင်း စီးဝင်နေကြောင်း သိမှတ်ရပါ၏။
ဤဘေးမဲ့တောဧရိယာအတွင်း တောဆင်ကောင် ရေ မျိုးဆက်ပျက်သုဉ်းမှုအန္တရာယ်မှ ကာကွယ် ထိန်းသိမ်းရန် အစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိပြီး သစ်တောဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့စေရေးအတွက်ပါ ရည်ရွယ်လုပ်ဆောင် နေပေသည်။
ဘေးမဲ့တောဧရိယာအတွင်း တောဆင်ရိုင်း အပါ အဝင် ဝက်ဝံ၊ ကျားသစ်၊ အင်းကျား၊ ဆတ်၊ ပြောင်၊ နှင့်စိုင် စသောနို့တိုက်သတ္တဝါ ၄၈ မျိုး၊ တွားသွား သတ္တဝါများဖြစ်သည့် စပါးကြီး၊ စပါးအုံးမြွေ အပါ အဝင် ၅၉ မျိုး၊ အောက်ချင်း၊ အောင်လောင် စသည့်ငှက်မျိုးစိတ် ၁၆၁ မျိုးနှင့်အတူ လိပ်ပြာမျိုးစိတ် ၄၃ မျိုး ကျက်စားနေထိုင်ကြကြောင်းမှတ်တမ်းများအရ သိပါ၏။
လွန်ခဲ့သော ၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ်အတွင်း ကွင်းဆင်းမှတ်တမ်းပြုချက်အရ တောဆင်ရိုင်း ကောင်ရေ ၃၅ ကောင်မျှသာကျန်ရှိကြောင်း၊ ထူးခြားသော သဘာဝအနေအထားမှာ လင်းနို့လိုဏ်ဂူများ သပိတ်ကျင်းမြို့နယ်နှင့် မိုးမိတ်မြို့နယ် ဘေးမဲ့တော ဧရိယာအတွင်း တည်ရှိနေခြင်းပင်ဖြစ်ပေသည်။
“ရွှေဥဒေါင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော” ကို ရည်ရွယ်ချက်ငါးရပ်ဖြင့် စီမံချက်ချမှတ် ဆောင်ရွက် လျက်ရှိရာ အဆင့်အတန်း နိမ့်သဘာဝတောများ ပြန်လည်ဆန်းသစ်ရေးနှင့် သစ်တောလွှမ်းခြုံမှု ကောင်းမွန်ရေးအတွက် အဓိကဖော်ဆောင်နေခြင်း ဖြစ်ပါ၏။
ထို့ပြင် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး လုပ်ဆောင် ရာ၌ ဒေသခံပြည်သူများ သိမြင်နိုးကြားကာ ပူးပေါင်းပါဝင်လာရေးအတွက် မျှော်မှန်းထားပါ၏။ တောဆင်ရိုင်းများအပါအဝင် ဇီဝမျိုးစုံ မျိုးကွဲများ နေရင်းဒေသများ ပြန်လည်ကောင်းမှန်ရေးအတွက်သာမက သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအထောက် အကူပြုနိုင်ရန်လည်းရည်ရွယ်ချက်ထားရှိပေသည်။

စည်းလုံးချစ်ကြည်မှုကို အထောက်အကူပြုလျက်ရှိ
ဤဘေးမဲ့တော ပတ်ဝန်းကျင်ဒေသတစ်ဝိုက် တွင် ရှမ်း ၊ လီဆူ၊ ကချင်၊ လားဟူနှင့် မြန်မာတိုင်းရင်းသားများ စုဖွဲ့နေထိုင်ခြင်းကလည်း ထူးခြားသော ပွဲတော်များ ကျင်းပကြခြင်းဖြင့် စည်းလုံးချစ်ကြည် မှုကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုလျက် ရှိပါသည်။
အချုပ်ဆိုရပါသော် တောတောင်ရေတံခွန်၊ စိမ့်စမ်းအသွယ်သွယ်၊ တောတောင်အလှ သဘာဝ ရှုခင်းအဖုံ ဖုံ၊ ဂေဟစနစ်၊ ဇီဝမျိုးစုံမျိုးကွဲများ စေ့ငုလေ့လာနိုင်ကြမည့် “ရွှေဥဒေါင်းတောရိုင်း တိရစ္ဆာန်ဘေးမဲ့တော”သို့ သပိတ်ကျင်း၊ မိုးကုတ်၊ မိုးမိတ်မြို့များမှတစ်ဆင့် ရာသီမရွေး မော်တော်ယာဉ်၊ ဆိုင်ကယ်များဖြင့် လာရောက်နိုင်ကြပါကြောင်း သတင်းစကားပါးလိုက်ရပါ၏။