ဓနုဖြူ၊      ၈      ဇန်နဝါရီ

 

ဓနုဖြူမြို့နယ် ဧရာဝတီမြစ်ကမ်းဘေး ရပ်နားထားသော တွဲယာဉ်တစ်စီးပေါ်တွင် ဇန်နဝါရီ ၇ ရက် ညနေပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့၍ လူငယ်တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၊ သပြုအုပ်စု၊ သပြုကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေး ရပ်နားထားသော ရေယာဉ်ပေါ်တွင် ဇန်နဝါရီ ၇ ရက် ညနေ ၅ နာရီခန့်က မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ တာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့ရာ သပြုကျေးရွာ သဲကျောက်လုပ်ငန်းတာဝန်ခံ ဦးဇော်မင်း ရွှေကျင်ကျေးရွာ/အုပ်စု၊ မြန်အောင်မြို့နယ်နေသူ ပိုင်ဆိုင်သည့် အလျားပေ ၂၀ ၊ အနံ ၁၈ ပေ၊ အမြင့်(၄)ပေခန့်ရှိ စက်သုံးဆီသိုလှောင်တွဲပေါ်တွင် မီးလောင်မှု ဖြစ်ပွားနေကြောင်းဆိုသည်။

 

ဖြစ်စဉ်မှာ ယာဉ်ပိုင်ရှင် ဦးဇော်မင်း၏သား ဟန်မျိုးထွဋ်  ဆီတွဲစောင့်မှ ဆီကန်အတွင်းရှိ ဒီဇယ်ဆီများအား ဆီစုပ်စက်ပန့်ဖြင့်မောင်းနှင်၍ သဲစုပ်ရေယာဉ် အတွင်းသို့ထည့်နေစဉ် ဆီစုပ်ပန့်စက် လဲကျပြီး၊ ရှော့ခ်ဖြစ်ကာ မီးကူးစက်လောင်ကျွမ်းခဲ့ရာ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးနောင်နောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ သပြုကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှကိုနှင့် ကျေးရွာသူ /သားများ  ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ ၅နာရီခွဲအချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

 

အဆိုပါမီးလောင်မှုကြောင့် ဟန်မျိုးထွဋ်မှာ ဆီလှောင်ကန်အတွင်း မီးလောင်ဒဏ်ရာ များဖြင့် သေဆုံးခဲ့ပြီး ဒီဇယ်ဆီ ဂါလန် ၁၀ဝ ခန့် ပျက်စီး ဆုံးရှုံးခဲ့သဖြင့် တာဝန်ခံ ဇော်မင်းအား အမှုဖွင့် အရေးယူနိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

 

ဧရာဦးသာ