စလင်း ဇွန် ၇
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ပတ္တမြား အစည်းအဝေးခန်းမတွင် ဇွန် ၆ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်က ဧရာဝတီမြစ်ကမ်းပါးနှင့် နီးစပ်သည့် ကျေးရွာအုပ်စု (၃)အုပ်စုမှ အိမ်ထောင်စု (၃၆)စုတို့၏ ကြိုတင်ပြောင်းရွှေ့ မိသားစုဝင်များအား ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် မြို့နယ်စီမံအုပ်ချုပ်ရေးမှူးဥက္ကဋ္ဌ ဦးနေလင်းနိုင်နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့မှ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့ပေးအပ်ရာတွင် မေ ၃၀ ရက် မွန်းတည့် ၁၂ နာရီက ဖြစ်ပွားခဲ့သည့် ရွှေ့ပြောင်းအိမ်ထောင်စု ကျေးရွာအုပ်စုများဖြစ်သည့် သနပ်ကုန်းကျေးရွာအုပ်စု၊ ငွေသောင်ကျေးရွာ၊ သရက်ကုန်းကျေးရွာအုပ်စု သရက်ကုန်းကျေးရွာ၊ ကျောက်ရဲကျွန်း ကျေးရွာအုပ်စု ကျောက်ရဲကျွန်းကျေးရွာများမှ ရွှေ့ပြောင်းမိသားစုဝင်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်၊ စလင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ဝင့်သီတာမောင်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သိင်္ဂီအေးတို့မှ အိမ်ထောင်စု (၃၆)စုတို့မှ လူဦးရေ (၁၃၂)ဦးစာအတွက် ဆန်ရိက္ခာဖိုးတစ်ဦးလျှင် ကျပ် ၂၁၀၀ နှုန်းဖြင့် ၂၇၇၂၀၀ ကျပ်၊ အိမ်တစ်လုံးလျှင် တစ်သိန်းကျပ်နှုန်းဖြင့် အိမ်(၃၆)လုံးစာအတွက် ၃၆၀၀၀၀၀ ကျပ်၊ စုစုပေါင်း ကျပ် ၃၈၇၇၂၀၀ တို့ကို ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ပြောင်းရွှေ့မိသားစုဝင်များကို အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
မောင်လွင်(စလင်း)