မြစ်ကြီးနား အောက်တိုဘာ ၂
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း တည်ဆောက်သွားမည့် ဧရာဝတီ မြစ်ကူးတံတားအမှတ်(၂)တံတားဧရိယာအတွင်း တံတားအူကြောင်းနှင့်မလွတ်ကင်းသည့် မြေယာ၊ သီးနှံ၊ အဆောက်အအုံပိုင်ရှင်များအား ဒုတိယအရစ်အဖြစ် လျော်ကြေးငွေပေးအပ်ခြင်း အခမ်းအနား ကို အောက်တိုဘာ ၁ ရက် ညနေ ၄ နာရီတွင် မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။
လျော်ကြေးငွေများပေးအပ်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်ဖွံ့ဖြိုး ရေးအတွက် အဓိကကျသည့် ဧရာဝတီမြစ်ကူးတံတား အမှတ်(၂) စီမံကိန်းဧရိယာအတွင်း တံတား အူကြောင်းနှင့် မလွတ်ကင်းသည့် မြေယာပိုင်ရှင်များအတွက် လျော်ကြေးငွေကို ပထမအရစ်အဖြစ် ပေးအပ်ခဲ့ပြီး ယနေ့တွင် ကျန်ရှိသည့် ဒုတိယအရစ်အဖြစ် လျော်ကြေးငွေ အပြီးသတ် ပေးအပ်သွား မည်ဖြစ်ကြောင်း၊ တံတားအသစ်စီမံကိန်းအတွက် ယခုလို ပူးပေါင်းပါဝင်မှုကို မိမိတို့အနေဖြင့် မှတ်တမ်းတင်ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ တို့က တံတားစီမံကိန်း ဧရိယာအတွင်း ပါဝင်သည့် မြေဧရိယာစုစုပေါင်း (၀.၆၈၁)ဧက အပါအဝင် အဆောက်အဦများ၊ ရေတွင်းနှင့်သီးနှံလျော်ကြေးများအဖြစ် စုစုပေါင်းလျော်ကြေးငွေကျပ်(၅၆၉၅၇၅၀၀၀)အနက် ငွေကျပ် (၂၈၃၇၈၈၀၀၀)ကို ပထမအရစ်အဖြစ် ပေးအပ်ခဲ့ပြီးဖြစ်ရာ ဒုတိယအရစ်အဖြစ် ကျန်ရှိသည့် လျော်ကြေးငွေကျပ်စုစုပေါင်း (၂၈၃၇၈၈၀၀၀)ကို မြေယာပိုင်ရှင် (၈)ဦးတို့အား တစ်ဦးချင်းစီ၏ ပိုင်ဆိုင်မှု တန်ဖိုးအတိုင်းပေးအပ်ခဲ့ရာ မြေယာပိုင်ရှင်များမှ ပိုင်ဆိုင်စာချုပ် စာတမ်းများကို ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ကြသည်။
ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် အဆိုပါ ဧရာဝတီမြစ်ကူးတံတားအမှတ်(၂)စီမံကိန်းကို ဒေသတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် နယ်စပ်ကုန်စည်ဆင်းမှု အဆက်မပြတ်ဆောင်ရွက်နိုင်ရေးအတွက် မဖြစ်မနေတည်ဆောက်ရန် လိုအပ်သည့်အတွက် လက်ရှိအသုံးပြုနေသည့် ဗလမင်း ထင်တံတား၏ အောက်ဘက်မီတာ (၄၀)အကွာတွင် တည်ဆောက်နိုင်ရေး ကွင်းဆင်းစိစစ်ရေးအဖွဲ့ ဖွဲ့စည်းပြီး ဆောင်ရွက်ခဲ့ရာ စီမံကိန်းနေရာနှင့် မလွတ်ကင်းသည့် မြေယာပိုင်ရှင် (၈)ဦးတို့အား ပထမအရစ်နှင့် ဒုတိယအရစ်အဖြစ် လျော်ကြေးငွေ အပြီးသတ်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် တံတားသစ်သည် တံတားအရှည် (၃၂၁၂)ပေ (၉၇၉ မီတာ)ရှည်ပြီး ယာဉ်သွားလမ်းအကျယ် (၂၄)ပေနှင့် လူ သွားလမ်း တစ်ဖက် (၃)ပေစီပါရှိကာ သံကူကွန်ကရစ်ရေလည်တိုင်နှင့် ကမ်းကပ်ခုံ၊ Steel Truss ၊ Steel Box Girder and RCC Slab အမျိုးအစားဖြစ်ကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်