ညောင်ဦး  ၃၀ မတ်  

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုလင်းကျေးရွာအနီး ဖွင့်လှစ်ထားရှိသော ပလင်းကမ်းသာယာ ဆင်စခန်းနှင့်အတူ ဧရာဝတီမြစ်လယ် သဲသောင်တွင် မတ်လကုန်မှ စတင်ပြီး မြစ်လယ်ကျွန်း အပန်းဖြေစခန်းသာ စတင်ဖွင့်လှစ်ပြီဖြစ်ကြောင်း ပလင်းကမ်းသာယာဆင်စခန်းတာဝန်ခံ လက်ထောက်မန်နေဂျာ ဦးမျိုးမင်းကိုထံက သိရသည်။

 

ဆင်စခန်းနှင့်အတူ တွဲဖက်ဖွင့်လှစ်ထားရှိမည့် ဧရာဝတီမြစ်လယ်ကျွန်းသဲသောင်ပြင် အပန်းဖြေစခန်းသာတွင် ရေတိမ်ပိုင်းမြစ်ကမ်းခြေ ရွေးချယ်ထားကာ ရေတိမ်ပိုင်း ရေချိုးလို့ရသည့်နေရာများ လုံခြုံရေးဖော့ဘောလုံး တန်းပေးထားပေးပြီး အပန်းဖြေစခန်းလာရောက်လည်ပတ်သူများအား ရေကျွမ်းကျင်လုပ်သားများဖြင့် လုံခြုံရေး ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

1

 

မြစ်လယ်ကျွန်း ပလင်းကမ်းသာယာ အပန်းဖြေစခန်းသာသို့ ဆင်စခန်းမှ မော်တော်နှစ်စီးဖြင့် အကြိုအပို့လုပ်မည်ဖြစ်ကာ မော်တော်အသွားအပြန် လူတစ်ယောက် (၅၀ဝ)ကျပ် သတ်မှတ်ထားကြောင်း သိရသည်။ 

 

ထို့အပြင် ဆင်စခန်းဝင်းဘက်တွင် သဘာဝတောလမ်းများအတိုင်း ဆင်စီးနိုင်ခြင်း၊ ခြေတံရှည်နားနေဆောင်များပေါ် မိသားစုလိုက် အနားယူနိုင်သည်။ 

 

ပလင်းကမ်းသာယာ ဧရာဝတီမြစ်လယ်သောင် အပန်းဖြေစခန်းသာသည် ညောင်ဦးမြို့မှ ငါးမိုင်ခန့်အကွာ ဧရာဝတီ မြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားရှိပြီး ဆင်စခန်းဝင်ကြေး လူတစ်ယောက် ပြည်တွင်း ကျပ်တစ်ထောင်နှင့် ပြည်ပ ကျပ်ငါးထောင် သတ်မှတ်ထားပြီး ရဟန်းသံဃာ၊ သီလရှင် ခုနှစ်နှစ်အောက် ကလေးငယ်များ ဆင်စခန်းဝင်ကြေး ကင်းလွှတ်ခွင့်ပေးထားကြောင်း သိရသည်။

 

2

 

ဆင်စီးခ ပြည်တွင်းတစ်ယောက်လျှင် ကျပ်ငါးထောင်သတ်မှတ်ပြီး ပြည်ပခရီးသွားတစ်ဦးလျှင် တစ်သောင်းကျပ် သတ်မှတ်ထားကြောင်း သိရသည်။ လူကြီးနှစ်ဦးဆင်စီးလျှင် ကလေးငယ်နှစ်ဦးဆင်စီးခ ကင်းလွတ်ပေးထားကြောင်း သိရသည်။

 

ပူပြင်းခြောက်သွေ့သည့် အညာဒေသ၏ ပထမဆုံးဖွင့်လှစ်သည့် ပလင်းကမ်းသာယာ ဧရာဝတီကျွန်းလယ် သဲသောင်ပြင်နှင့် ရေတိမ်ပိုင်း ပလင်းကမ်းသာယာ ဆင်စခန်းသို့ လာရောက်ကာ ဆင်စီးခြင်း၊ ရေကစားခြင်းများဖြင့် လာရောက်အပန်းဖြေနိုင်ကြောင်း ရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ ဘုရား၊ ပုထိုး၊ သာသနိကအဆောက်အဦများ လေ့လာဖူးမြှော်ပြီးလျှင် ခရီးတစ်ထောက် အပန်းဖြေနားနေရာအဖြစ် ပလင်းကမ်းသာယာ သဲသောင်ကျွန်းအား မတ်လ ၃၀ရက်နေ့မှစတင် အပန်းဖြေနိုင်ပြီဖြစ်ကြောင်း သိရသည်။

 

မောင်မောင်ထိန်၊ကျောက်ပန်းတောင်း

 

3