တံတားဦး ၂၉ ဇူလိုင်
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ဧရာဝတီမြစ်နှင့် ဒုဋ္ဌဝတီမြစ်တို့ ရေဝင်ရောက်မှုကြောင့် မြေငူအခြေခံပညာ အထက်တန်းကျောင်း ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။
အဆိုပါမြစ်ရေဝင်ရောက်မှုကြောင့် တံတားဦးမြို့နယ်တွင် မြေငူအခြေခံပညာအထက်တန်း ကျောင်းကို ဇူလိုင် ၂၇ ရက် နံနက်ပိုင်းမှစတင်၍ ယာယီပိတ်ထားကြောင်း၊ မြေငူအခြေခံပညာ အထက်တန်းကျောင်းတွင် ဝန်ထမ်းအင်အား ၃၆ ဦးနှင့် ကျောင်းသား ကျောင်းသူပေါင်း (၇၇၃)ဦးရှိပြီး လက်ရှိ အခြေခံပညာအထက်တန်းအဆင့် Grade-11 တွင် ပညာသင်ယူနေသည့် ကျောင်းသား ကျောင်းသူပေါင်း (၇၄)ဦး၊ Grade-10 တွင် (၉၂)ဦးရှိကြောင်း ၊ ကျောင်းသား ကျောင်းသူများကို ရေများ ပြန်လည်ကျသည့်အခါ အစားထိုးဖွင့်လှစ်သင်ကြား ပေးမည်ဖြစ်ကြောင်း ဒုတိယမြို့နယ်ပညာရေးမှူး ဦးစိုးမိုးဟန်ထံမှ သိရသည်။
တံတားဦးမြို့နယ်၌ လက်ဆောင်ယူကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းနှင့် မူလတန်း ကျောင်းများဖြစ်သော ထောက်ရစ်ကျေးရွာ၊ ဇီးပင်ကွေ့ကျေးရွာ၊ ပေါက်တောကျေးရွာ၊ ဈေးချိုကျေးရွာ၊ အုတ်ကျွတ်ဖိုကျေးရွာစသည့် မူလတန်းကျောင်းများတွင်လည်း ဒုဋ္ဌဝတီမြစ်ရေနှင့် ဧရာဝတီမြစ်ရေများ ဝင်ရောက်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ရဲတင့်(တံတားဦး ပြန်/ဆက်)


