မန္တလေး ၁၀ ဇူလိုင်

 

ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အထက်ရောက်ရှိချိန်တွင် ကြုံတွေ့လာနိုင်သည့် သဘာဝဘေး အန္တရာယ်များအတွက် ကူညီကယ်ဆယ်ရေးများလုပ်ဆောင်နိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထား ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီး)ဥက္ကဌ ဦးလှိုင်မင်းဦးက ပြောသည်။

 

ဧရာ၀တီမြစ်ရေသည် မန္တလေးမြို့တွင် ယခုလအတွင်း စိုးရိမ်ရေမှတ်သို့ရောက်ရှိမည်ဟု ခန့်မှန်းကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန(အထက်မြန်မာပြည်)မန္တလေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောသည်။

 

မန္တလေးမြို့တွင် ဧရာဝတီမြစ်ရေသည် တစ်ရက်လျှင် နှစ် စင်တီမီတာအထိ ဆက်လက်မြင့်တက်လျက်ရှိရာ လာမည့် ဇူလိုင်ဒုတိယပတ်အတွင်း အမြင့်ဆုံးစိုးရိမ်ရေမှတ် ရောက်ရှိနိုင် သည်ဟု ခန့်မှန်းထားခြင်းဖြစ်သည်။

 

“ဇူလိုင်လထဲမှာ မန္တလေးမြို့မှာ စိုးရိမ်ရေအမှတ်တစ်ကြိမ် ရောက်ရှိနိုင်တယ်ဆိုပြီး ခန့်မှန်း ထားတာရှိပါတယ်။ မြစ်အလယ်ပိုင်းဒေသတွေကတော့ ပုံမှန်အားဖြင့် မုတ်သုံအားကောင်းတဲ့ အခြေ အနေမှာဆိုရင် ဇူလိုင်လဒုတိယပတ်နဲ့ တတိယပတ်တွေမှာ ဧရာ၀တီမြစ်အလယ်ပိုင်း မန္တလေးမြို့ အနီးတစ်ဝိုက်အထက် အောက်ဒေသတွေမှာဆိုရင် ပိုပြီးတော့မြစ်ရေကြီးမယ်။ စိုးရိမ်ရေအမှတ်ကို ရောက်ရှိဖို့များတယ်” ဟု ဦးကျော်လွင်ဦးကပြောသည်။

 

မန္တလေးမြို့ ဧရာ၀တီမြစ်ရေ၏ စိုးရိမ်ရေအမှတ်သည်(၁၂၆၀)စင်တီမီတာ(၂၃၀.၇၄ပေ)ဖြစ်ပြီး လက်ရှိတွင် စိုးရိမ်ရေမှတ်နှင့် ရှစ်ပေခန့်အကွာတွင်ရှိနေသည်။

 

ဧရာဝတီမြစ်ရေသည် မန္တလေးမြို့၌ ၁၉၇၄ခုနှစ်တွင် ၁၃၄၂စင်တီမီတာ၊ ၂၀ဝ၄ခုနှစ်တွင် ၁၃၈၂စင်တီမီတာ၊ ၂၀၁၆ခုနှစ်တွင် ၁၃၂၅စင်တီမီတာဖြင့် အမြင့်ဆုံးရေမှတ်များသို့ ရောက်ရှိခဲ့ပြီး ယခုနှစ်တွင် အမြင့်ဆုံးရေမှတ်ရောက်ပါက ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ချိန်တွင် COVID-19 ကာကွယ်ရေးအတွက်ပါ ကြိုတင်စီမံချက်များ ရေးဆွဲထားကြောင်း သိရသည်။

 

ဖြိုးအိ