ပခုက္ကူ ၆ ဩဂုတ်


ဧရာဝတီမြစ်ရေကြီးမှုကြောင့် ပခုက္ကူမြို့နယ်၊ ရှားပင်ကျေးရွာအုပ်စု၊ ဥယျာဉ်ကျေးရွာအနီး ယာယီရေဘေး ခိုလှုံရေးစခန်းတွင် ပြောင်းရွှေ့နေထိုင်ကြသည့် အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းများ၊ ကျန်းမာရေးသုံး ပစ္စည်းများနှင့် တိရစ္ဆာန်အစာများကို ဩဂုတ် ၅ ရက် မွန်းလွဲ ၃ နာရီက ပေးအပ်လှူဒါန်းကြသည်။


ထောက်ပံ့လှူဒါန်းရာတွင် ပခုက္ကူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော်က အမှာစကားပြောကြားပြီး ပခုက္ကူခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်သန္တာရွှေတို့က ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ရသည့်အကြောင်း၊ ပခုက္ကူမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်းက ကျန်းမာရေးသုံးပစ္စည်းများ လှူဒါန်းပေးရသည့် အကြောင်းတို့ကို ရှင်းလင်းပြောကြားကြသည်။


အဆိုပါဥယျာဉ်ကျေးရွာ ယာယီရေဘေးခိုလှုံရေးစခန်းတွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ရှားပင်ကျေးရွာ၊ နုံးပို့ကျေးရွာနှင့် သဖန်းပင်ကျေးရွာများမှ အိမ်ထောင်စု (၉၃)စု၊ လူဦးရေ (၄၄၅)ဦးတို့အတွက် ပခုက္ကူခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက လူတစ်ဦးလျှင် ဆန်ရိက္ခာဖိုး ၂၁၀၀ ကျပ်၊ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) တစ်ခု၊ ဆပ်ပြာတောင့် တစ်တောင့်၊ ရှမ်းရိုးမအကြောဖြေလိမ်းဆေး တစ်ဘူးနှင့် တစ်အိမ်ထောင်လျှင် မားမားခေါက်ဆွဲထုတ် (၁၀)ထုပ်၊ ဓာတ်ဆားထုပ် (၁၀)ထုပ်တို့ကိုလည်းကောင်း၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အထောက်အကူပြုကော်မတီက ကျန်းမာရေးကိုယ်အပူချိန်တိုင်းကိရိယာ တစ်ခု၊ Surgical Gown (ဝတ်ရုံ) နှစ်ထည်၊ ရေသန့်ဘူး (၁၂)ဘူးပါ ၁၇ ကတ်၊  ပါးစပ်နှင့် နှာခေါင်းစည်း (Mask) အခု ၂၀၀ တို့ကိုလည်းကောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော်က ရေနစ်မြုပ်၍ စားကျက်မြေခက်ခဲမှုများအတွက်  ငွေကျပ်လေးသိန်းခွဲဖိုး နွားအစာတို့ကို လည်းကောင်း အသီးသီး ထောက်ပံ့ပေးအပ်လှူဒါန်းကြသည်။


ဧရာဝတီမြစ်ရေကြီး၍  စောလျင်စွာရေဝင်ရောက်ပြီး ရေဝင်ရက်ကြာရှည်သောကြောင့် ပခုက္ကူမြို့နယ် ရှားပင်အုပ်စုမှ ရှားပင်၊ သဖန်းပင်၊ နုံးပို့ကျေးရွာ(၃)က ရေဘေးသင့်ပြည်သူများအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ လှုမှုရေးအသင်းအဖွဲ့များစုပေါင်း၍ ဥယျာဉ်ကျေးရွာအနီးတွင် ယာယီရေဘေးခိုလှုံရေးစခန်း တည်ဆောက်ပေးခြင်းဖြစ်ပြီး ထိုစခန်းတွင် ရေဘေးသင့်အိမ်ထောင်စု (၉၃)စု၊ လူဦးရေ (၄၄၅)ဦး ပြောင်းရွှေ့နေထိုင်ကြကြောင်း သိရသည်။


ဆလိုင်းကိုကီး(ပြန်/ဆက်)