ပခုက္ကူ   ၁၅  နိုဝင်ဘာ

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေကြီးပြီး ကမ်းပါးပြို၍ ပြောင်းရွှေ့နေထိုင်ရသည့် အနောက်သီရိကျေးရွာရှိ အိမ်ထောင်စုများအတွက် စက်ရေတွင်းနှင့် စားနပ် ရိက္ခာများကို နိုဝင်ဘာလ ၁၄ ရက် မွန်းလွဲပိုင်းက ထောက်ပံ့လှူဒါန်းကြသည်။

 

အဆိုပါ ထောက်ပံ့လှူဒါန်းမှုကို ပခုက္ကူခရိုင် ရင်ခွင်မဲ့ကလေးငယ်များ လျော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာမေစိမ်းနှင့်မိသားစုဝင်များ၊ အသင်းဝင်များက အနောက် သီရိကျေးရွာရှိ ပြောင်းရွှေ့ အိမ်ထောင်စု (၁၀ဝ) နှင့် လူဦးရေ(၅၀ဝ)အတွက် တစ်အိမ်ထောင်လျှင် ဆန်ငါးပြည်၊ ဆီငါးဆယ်သား၊ ကုလားပဲ လေးပြည်၊ ဖူဂျီဆပ်ပြာတစ်ဘူးနှင့် ခေါက်ဆွဲခြောက်ထုပ်ကြီးတစ်ထုပ် စသည့် ငွေကျပ်(၁၂၀ဝ၀)နှုန်းစီဖြင့် စုစုပေါင်း (၁၂)သိန်းဖိုးကို လှူဒါန်းကြသည်။

 

"ပြောင်းရွှေ့နေထိုင်ကြသည့် ရွာကအိမ်ထောင်စုတွေ တစ်ပတ်စာ စားသုံးရေးအဆင်ပြေစေရန် စားနပ်ရိက္ခာတွေလာ ရောက်လှူဒါန်းတာပါ၊ ဒါ့အပြင် ပြောင်းရွှေ့နေထိုင်ခါစချိန်တွင် ရွာကပြည်သူတွေ သောက်သုံးရေ၊ ချိုးရေနှင့် အစားအသောက် ချက်ပြုတ်ရေးတို့အတွက် ရေလုံလောက်စွာ မရှိတာရယ်၊ ကျွန်းပိုင်းကနေ ကုန်းပိုင်းကိုပြောင်းလာကြတာဆိုတော့ အဓိက ရေလိုအပ်နေကြတာကြောင့် ငွေကျပ်သိန်း (၃၀)ဖိုး  ပေ(၃၅၀)အနက်ရှိတဲ့ စက်ရေတွင်းကို လှူဒါန်းခြင်းဖြစ်ကြောင်း။ အခုနဲ့ ဆိုရင် စက်ရေတွင်းလှူဒါန်းတာ လေးကြိမ်ရှိပြီဖြစ်ကြောင်း၊ အဲ့ဒီရေတွင်းတွေကတော့ ပခုက္ကူမြို့နယ်အတွင်း အနောက် စဘေ ကျေးရွာ(အ.ထ.က)ကျောင်း၊ မြို့ပေါ် ဆုကြီးပန်(သီလရှင်ပညာရေးကျောင်း)နှင့် မြိုင်မြို့နယ် ကျေးရွာတစ်ရွာမှာ စက်ရေတွင်း တစ်တွင်းစီ စုစုပေါင်း စက်ရေတွင်းလေးတွင်းအတွက် စုစုပေါင်း ငွေကျပ်သိန်းပေါင်း(၁၇၀)လောက်ရှိကြောင်း၊ အခုလို ဒီရွာ အတွက် စက်ရေတွင်းလှူဒါန်းတဲ့ အချိန်မှာ ကျွန်မရဲ့ အသိမိတ်ဆွေများကပါ လှူဒါန်းလိုကြတာကြောင့် မြို့ပေါ်နှင့်အခြားဒေသ များက အလှူရှင်တွေကို ဖိတ်ခေါ်အလှူခံပြီး ရေစင်၊ရေကန်၊ရေဆုပ်စက်၊ ကွန်ပရက်ဆာအင်ဂျင် အစရှိသည်တို့ကို လှူဒါန်းကြ ကြောင်း၊ ပြီးတော့ ရွာကဘုန်းကြီးတွေရော၊ ပြည်သူတွေရော ပြောင်းရွှေ့ခါစ အိမ်အဆောက်အဦးတွေ ဆောက်လုပ်နေကြတာ ဆိုတော့ ပင်ပန်းနေကြတယ်၊ အဲ့ဒါကြောင့် ရွာကဘုန်းကြီးကို လျှောက်တင်ပြီး ပြောင်းရွှေ့ရွာလေးမှာပဲ ကျွန်မမိသားစုတွေ စုပေါင်းပြီး ကထိန်သင်္ကန်းလည်း ဆက်ကပ်ပူဇော်ခဲ့ကြောင်း၊ ပခုက္ကူမြို့ပေါ်မှာ စိမ်းဖောင်ဒေးရှင်တစ်ခုကို ၂၀၁၁ ခုနှစ် ကတည်းက ထူထောင်ပြီး မိဘမဲ့ကလေးငယ် အယောက်(၁၀ဝ)လောက်ကို ကျောင်းထား ပေးကြောင်း၊ အခုဆိုရင် ဆရာဝန်များ၊ သူနာပြုများနှင့် ကျောင်းဆရာ/မများ ဖြစ်နေကြပြီဖြစ်ကြောင်း" ပခုက္ကူခရိုင်ရင်ခွင်မဲ့ကလေးငယ်များလျော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာမေစိမ်းက ပြောပြသည်။ 

 

ထို့အပြင် ပခုက္ကူမြို့နယ်၊ အနောက်သီရိကျေးရွာတွင် ပြောင်းရွှေ့နေထိုင်သူ ဦးကျော်ညွှန့်ကလည်း " ကျွန်တော်တို့ သဘာဝဘေးဒဏ်ခံစားရတဲ့အချိန်မှာ ကျွန်းထဲမှာ နေထိုင်လုပ်ကိုင်စားသောက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့တဲ့အခါမှာ အခုကုန်း ပိုင်းမြေကွက်ဝယ်ပြီး ရွှေ့ပြောင်းလာခဲ့ခြင်းဖြစ်ကြောင်း၊ ပြောင်းရွှေ့လာတော့ လိုအပ်ချက်တွေကတော့ အများကြီးပေါ့၊ ရေကတော့အဓိကလိုအပ်ချက်ပေါ့၊ ဒါပေမယ့် အခုကျွန်တော်တို့ ပြောင်းရွှေ့ကျေးရွာပြည်သူတွေ  အခုလိုရေလုံလောက်စွာ သုံးစွဲနိုင်ဖို့ အတွက် စက်ရေတွင်းလှူဒါန်းပေးကြတာရယ်၊ စားနပ်ရိက္ခာတွေ လှူဒါန်းပေးတာတွေကြောင့်  အလှူရှင်တွေကို ကျေးဇူးတင်ကြောင်း" ဝမ်းသာစွာဖြင့် ပြောပြသည်။

 

ဆလိုင်းကိုကီး(ပြန်/ဆက်)