ရေနံချောင်း ၂၃ ဇူလိုင်
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်လာပြီး ကျေးရွာအတွင်း ရေဝင်ရောက်မှုကြောင့် မာန်မြေကျေးရွာအုပ်စု မိန်းမလှကျေးရွာမှ အိမ်ထောင်စု ၂၇ စု မိသားစုဝင် ၁၃၂ ဦးနှင့် ၎င်းတို့ မွေးမြူထားသော ကျွဲ၊ နွား၊ ဝက်များကို ဇူလိုင် ၂၂ ရက် ညနေ ၆ နာရီခန့်က ရေဘေးလွတ်ရာ ပင်းစက္ကလံပ ဘုရားဝန်းအတွင်းရှိ ဇရပ်ဆောင်များတွင် ယာယီပြောင်းရွှေ့ နေရာချထားပေးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ဇူလိုင် ၁၉ ရက်က မိန်းမလှကျေးရွာမှ အိမ်ထောင်စု ၆ စု မိသားစုဝင် ၂၉ ဦး၊ ဇူလိုင် ၂၀ ရက်နေ့က အိမ်ထောင်စု ၆ စု မိသားစုဝင် ၂၇ ဦးတို့နှင့် ၎င်းတို့မွေးမြူထားသည့် တိရစ္ဆာန်များကို အဆိုပါဘုရားဝန်းအတွင်းရှိ ဇရပ်ဆောင်များတွင် ပြောင်းရွှေ့နေရာချထားပေးခဲ့သည်။
ထို့အပြင် ဝက်လွတ်ကျေးရွာအုပ်စု လမ်းကူးကျေးရွာတွင်လည်း ဧရာဝတီမြစ်ရေတိုက်စားပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် ဘေးအန္တရာယ်ကျရောက်နိုင်သဖြင့် အိမ်ထောင်စု ၇ စုမှ မိသားစုဝင် ၃၆ ဦးတို့အား ဘေးလွတ်ရာ သမ္ဘာန်တင်ကျေးရွာရှိ မြေလွတ်များသို့ ဇူလိုင် ၂၀ ရက်က ကြိုတင်ပြောင်းရွေ့ခဲ့ကြောင်း သိရသည်။
ကိုစိုးကြီး


