မြစ်ကြီးနား ၁၃ ဇူလိုင်
ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေမြင့်တက်လာခဲ့ပြီး မြစ်ကြီးနားခရိုင် ဆင်ဘိုဒေသ၌ ဇူလိုင် ၁၀ ရက်နေ့မှစတင်၍ မြစ်ရေဝင်ရောက်ခဲ့ပြီး ဇူလိုင် ၁၂ ရက် ညနေပိုင်းတွင် စိုးရိမ်ရေမှတ်၂၄၀ဝစင်တီမီတာမှ ၂၅၆၅စင်တီမီတာအထိ မြင့်တက်ခဲ့သဖြင့် အနိမ့်ပိုင်း ကျေးရွာအုပ်စုများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရပြီး မိသားစုများအားရွေ့ ပြောင်းပေးထားရကြောင်းနှင့် အခြေခံပညာကျောင်းများပိတ်ထားရကြောင်း သိရှိရသည်။
မြစ်ရေမြင့်တက်မှုလာမှုကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး မြို့အုပ်ချုပ် ရေးမှူး ဦးထွန်းထွန်းကျော်က “ ကျွန်တော်တို့ မြစ်ရေမြင့်တက်လာကတည်းက ရေဝင်ရောက်နိုင်ခြေရှိတဲ့ ကျေးရွာတွေကို အုပ်ချုပ်ရေးမှူးတွေကတစ်ဆင့် ကြိုတင်အသိပေးခြင်း လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့တယ်၊ အခုရေဝင်နေတဲ့ ကျေးရွာတွေက မိသားစုတွေကို နယ်မြေခံတပ်ရင်းတပ်ဖွဲ့တွေ၊ အုပ်ချုပ်ရေးမှူးတွေ၊ ဌာနဆိုင်ရာ၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့တွေ စုပေါင်းပြီး စက်လှေတွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေ၊ နီးစပ်ရာဆွေမျိုး နေအိမ်တွေမှာ ကူညီကယ်ဆယ် ရွှေ့ပြောင်းပေးထား ပါတယ်” ဟု ပြောကြားသည်။
ဆင်ဘိုဒေသ၌ မြစ်ရေမြင့်တက်လာပြီး ရေကြီးရေလျှံမှုကြောင့် ဆင်ဘိုမြို့ အောင်ချမ်းသာ ရပ်ကွက်အတွင်း အိမ်ထောင်စု ၅ စု၊ အောင်မင်္ဂလာရပ်ကွက်အတွင်း အိမ်ထောင်စု ၃၀၊ ရေနားပင်လုံ ကျေးရွာအတွင်း မံဖွားကျေးရွာ အတွင်းရှိ အိမ်ထောင်စု ၁၇ စုနှင့် တာဟိုးနားကျေးရွာအတွင်းရှိ အိမ်ထောင်စု ၁၇ စုတို့အား ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ ဘုန်းတော်ကြီးကျောင်းများနှင့် ဆွေမျိုးနေအိမ် တို့တွင် ခေတ္တပြောင်းရွှေ့ နေရာချထားပေးကြောင်းနှင့် ရေနားပင်လုံကျေးရွာအုပ်စု၊ မြင်သာကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာအုပ်စု၊ တာဟိုးနားကျေးရွာအုပ်စုတို့ရှိ အခြေခံပညာ ကျောင်းများကို ခေတ္တပိတ်ထားရကြောင်း သိရှိရသည်။
အဆိုပါ ပြောင်းရွှေ့မိသားစုများနှင့် ရေဝင်ရောက်နေသည့် မိသားစုများအတွက် မြို့အုပ်ချုပ်ရေး မှူးနှင့် ဌာနဆိုင်ရာများ၊ အလှူရှင်များစုပေါင်း၍ ထမင်းထုပ်များ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်းနှင့် ရေဘေးသင့်မိသားစုများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
မျိုးမြင့်စိုး(ပြည်နယ်ပြန်/ဆက်)


