ကသာ ၂ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ကျောက်ထုံးကြီး နယ်မြေမီးသတ်စခန်းမှ မီးသတ် တပ်ဖွဲ့ဝင်များသည် ကသာမြို့နယ်၊ ကျောက်ထုံးကြီးကျေးရွာမှ ၂ မိုင်ခန့်ဝေးသော လက်ပံဇင်ကျေးရွာ (ရေလယ်ကျွန်း)တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ကမ်းပါးပြိုကျမှု ဖြစ်ပွားနေသည့်အတွက် ဇူလိုင် ၂ ရက် နံနက် ၇ နာရီခန့်က အဆိုပါကျေးရွာရှိ လူနေအိမ်တစ်လုံးနှင့် နွားများကို ရေဘေး လွတ်ရာသို့ သွားရောက်ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကသာမြို့နယ်၊ ကျောက်ထုံးကြီး နယ်မြေမီးသတ်စခန်းမှ လက်ထောက် မီးသတ်ဦးစီးမှူး ဦးညီညီထွန်း ဦးစီး၍ သန္ဓေနှင့် အရန်တပ်ဖွဲ့ဝင်များက လက်ပံဇင်ကျေးရွာရှိ လူနေအိမ်တစ်လုံးနှင့် နွား ၁၄ ကောင်တို့ကို ကျောက်ထုံးကြီးကျေးရွာသို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။
ကသာမြို့တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်သည် ၁၀၄၀ စင်တီမီတာဖြစ်ပြီး ဇူလိုင် ၂ ရက် နံနက် ၆ နာရီခွဲအချိန် တိုင်းတာချက်အရ ၇၇၁ စင်တီမီတာနှင့် မွန်းလွဲ ၁၂ နာရီခွဲ တိုင်းတာချက်အရ ၇၇၆ စင်တီမီတာရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
ခရိုင်(ပြန်/ဆက်)


