တံတားဦး  ၂၂  ဇူလိုင်


ဧရာဝတီမြစ်ရေသည် ယနေ့နံနက်ပိုင်းအထိ စိုးရိမ်ရေအမှတ်ထက် (၂၇)စင်တီမီတာကျော်လွန်၍ ၁၂၈၅ စင်တီမီတာအထိ မြင့်တက်လာမှုကြောင့် တံတားဦးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ခေတ္တပိတ်တားရပြီး ရပ်ကွက်/ကျေးရွာအုပ်စုအတွင်းရှိ လူနေအိမ်များ ရေလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

 

1

 


အဆိုပါ ပိတ်ထားရသည့် အခြေခံပညာကျောင်းများကို ရေကျသည့်အချိန်တွင် ကျောင်းသား ကျောင်းသူများ၏ ပညာရေးကို ရှေးရှုသောအားဖြင့် စာသင်ချိန်ကို အစားထိုး ပြန်လည်သင်ကြားပေးမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဦးမော်ဦးက ပြောသည်။ 


တံတားဦးမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု (၁၇)အုပ်စု၊ အိမ်ထောင်စုပေါင်း ၁၁၁၈ စု လူဦးရေ စုစုပေါင်း ၄၃၆၅ ဦးတို့မှာ နီးစပ်ရာ ဆွေမျိုးအိမ်များ၊ စေတီပုထိုးများ၊ ဘုန်းတော်ကြီးများ၊ အမြန်လမ်းမကြီးဘေးများတွင် နေထိုင်လျက်ရှိပြီး တိရစ္ဆာန် ၁၂၅၁ ကောင်အား ရေလွတ်ရာ ကုန်းမြင့်များတွင် ပြောင်းရွှေ့ပေးထားကြောင်း သိရသည်။


ရေဝင်ရောက်လျက်ရှိသည့် ရပ်ကွက်/ကျေးရွာအုပ်စုများမှာ ငါးရာပြားကျေးရွာ၊ ဥတည်ကျေးရွာ၊ ဘလဲ့ဘကျေးရွာ၊  လက်ပန်ဇင်ကျေးရွာ၊ ဈေးချိုကျေးရွာ၊ ထောက်ရစ်ကျေးရွာ၊ ဇီးပင်ကွေ့ကျေးရွာ၊ ပေါက်မြိုင်ကျေးရွာ၊ လက်ဆောင်ယူကျေးရွာ၊ တပယ်ကျေးရွာ၊ ဟံသာဝတီကျေးရွာ၊ မီးသွေးတိုက်ကျေးရွာ၊ မြေငူကျေးရွာ၊ ခေါင်းကွဲကျေးရွာ၊ ပန်းယျကျေးရွာ၊ ကူတိုးဆိပ်ကျေးရွာနှင့် အမှတ်(၂)ရပ်ကွက်တို့ဖြစ်ကြောင်း သိရသည်။


ရဲတင့်(ပြန်/ဆက်)