မန္တလေး ၃ အောက်တိုဘာ

 

မန္တလေးမြို့ အမရပူရမြို့နယ်တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်သည့်ကိုင်းမြေများကို စက်စွမ်းအားသုံးထွန်ယက်ပြီး ပဲမျိုးစုံ  စိုက်ပျိုးထားရာ ဧရာဝတီမြစ်ရေ ပြန်တိုးလာသည့်အတွက် ပဲစိုက်ခင်းအားလုံးပျက်စီး  ဆုံးရှုံးသွားကြောင်းသိရသည်။

 

စိုက်ပျိုးသည့် ပဲအမျိုးအစားနှင့် အခြားသီးနှံ အမျိုးအစားပေါ်မူတည်ကာ စိုက်ဧက တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းကျော်မှ ငါးသိန်းကျော်အထိ ဆုံးရှုံးခဲ့သည်။ ဝါထပ်သည့်နှစ်များတွင် နောက်ရေ နောက်မိုး ကြောက်ရသော်လည်း ရာသီချိန်မီပါမှ သီးနှံအထွက် ကောင်းမည်ဖြစ်သဖြင့် စွန့်စား စိုက်ပျိုးကြခြင်းဖြစ်သည်။ စိုက်ပျိုးထားသည့် စိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းနေစဉ် ဧရာဝတီမြစ်ရေ ထပ်မံတိုးလာသည့်အတွက်  တောင်သူများ နစ်နာဆုံးရှုံးခဲ့ရသည်။ ရေကျသွားပါက ပြန်လည် စိုက်ပျိုးစားရိတ် ထုတ်ကြရမည်ဖြစ်ကြောင်း သရက်တန်းရွာမှ ပဲစိုက်တောင်သူ ဦးစိန်ပေါက ရှင်းပြသည်။

 

လက်ရှိကာလ မန္တလေးမြို့ အမရပူရမြို့နယ်တွင်  ဆည်တော်ကြီးဆည်ရေမှ ပေးလွတ်သော ရေဖြင့် မိုးစပါး   (၁၁၆၅၀) ဧကကို လျာထားစိုက်ပျိုးလျှက်ရှိရာ  စိုက်ဧက ရာနှုန်းပြည့်နီးပါး ပြီးစီးကာ စပါးများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။ အဆိုပါ စိုက်ဧကများထဲတွင် မျိုးစေ့ထုတ်ဧကပေါင်း ၇၄၀ စိုက်ပျိုးခဲ့ပြီး CERP အစီအစဉ်ဖြင့်စိုက်ပျိုးသော မျိုးစေ့ထုတ်စိုက်ခင်း တစ်ဧကလျှင် ထောက်ပံ့ငွေကျပ် ၁၅၀၅၀၀ ထောက်ပံ့ခဲ့သည်။  လက်ရှိကာလတွင် ဧရာဝတီမြစ်ရေ တိုးသည့်အတွက် အမရပူရမြို့နယ်ရှိ ပဲမျိုးစုံ စိုက်ခင်းများအားလုံး ဆုံးရှုံးပျက်စီး လျက်ရှိကြောင်း သိရသည်။    

                                

တိမ်တမန်