၂၇ မတ်
သတင်းဆောင်းပါး - သူရဇော်
အက်ကြောင်းများ ဖြစ်ပေါ်ခဲ့သည့် တမံထိပ်ပြင်မြေသားများ ဖယ်ရှားခြင်း၊ ပြန်လည်မြေဖို့ခြင်း၊ တမံ အနောက်ဘက်မှ မြေပိုး၍ ဆောင်ရွက်ခြင်းများကို မတ်လအကုန်တွင် ပြီးစီးရန် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးကျော်သူနှင့် တည်ဆောက်ရေးအဖွဲ့သားများ စိတ်စောနေကြသည်။
တမံထိပ်ပြင် မြေဖယ်ရှားခြင်း လုပ်ငန်းတွင် ဦးစွာအက်ကြောင်းများကို အက်ကြောင်းမြေပုံ ရေးဆွဲသည်။ ထို့နောက် ပထမတစ်မီတာခန့် တူးဖော်ဖယ်ရှားပြီး ကျန်ရှိနေသည့် အက်ကြောင်း အခြေအနေများကို အက်ကြောင်းမြေပုံပြန်လည် ရေးဆွဲသည်။
ယင်းနောက် ဒုတိယတစ်မီတာမှ နောက်ဆုံး အက်ကြောင်းများ ကင်းစင်သည်အထိ ထပ်မံ တူးဖော်ဖယ်ရှား၍ အက်ကြောင်းအခြေအနေကို အက်ကြောင်းမြေပုံများ ရေးဆွဲပြီး ထပ်မံမှတ်တမ်း တင်ကြသည်။
“တစ်မီတာလောက် တူးဖော်ဖယ်ရှားလိုက်၊ အက်ကြောင်းမြေပုံရေးဆွဲလိုက်နဲ့ ဆောင်ရွက်ခဲ့တာ စုစုပေါင်း ၇ မီတာလောက် တူးဖော်ဖယ်ရှား ပြီးတဲ့အချိန်မှာ အက်ကြောင်းတွေ လုံးဝမရှိတော့ တာတွေ့ရပါတယ်”ဟု ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက် ရေး(၂)မှ ညွှန်ကြားရေးမှူး ဦးကျော်သူက ပြောသည်။
တမံထိပ်မျက်နှာပြင် အက်ကြောင်းဖြစ်ပေါ်
၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် တောင်နဝင်းဆည်ရေလှောင်တမံအနီး၌ အင်အား အသင့်အတင့်ရှိ ငလျင်လှုပ်ခတ်မှု သုံးကြိမ်၊ ယခုနှစ် ဇန်နဝါရီလဆန်းတွင် တစ်ကြိမ် ဖြစ်ပွားခဲ့ရာ တမံ၏ ပေတိုင် ၅၆၅၀ နှင့် ပေတိုင် ၆၁၀ဝ အကြား တမံထိပ်မျက်နှာပြင် အက်ကြောင်းဖြစ်ပေါ်မှုကို ဇန်နဝါရီ ၈ ရက်က စတင် တွေ့ရှိခဲ့သည်။
ငလျင်လှုပ်ခတ်မှုကြောင့် တမံအောက်ခြေ အုတ်မြစ်ကျောက်သား လှုပ်ရှားမှုဖြစ်ပြီး တမံထိပ်မျက်နှာပြင် အက်ကြောင်းများ ဖြစ်ပေါ်လာသည်ဟု ပညာရှင်များက သုံးသပ်ခဲ့ကြပြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက အချိန်ပြည့်စောင့်ကြည့် တိုင်းတာခြင်းနှင့် ဘူမိစူးစမ်းလေ့လာခြင်းများကို ဂျပန် နိုင်ငံသား ကျွမ်းကျင်ပညာရှင်များနှင့်အတူ ဆောင်ရွက်ခဲ့သည်။
တောင်နဝင်းရေလှောင်တမံသည် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် အရှေ့ဘက် နှစ်မိုင်အကွာ ရပ်သစ်ကျေးရွာအနီး တောင်နဝင်းချောင်းပေါ်တွင် တည်ရှိသည်။
တမံအောက်ဘက် လေးမိုင်ခန့်အကွာ ချောင်းခွရွာအနီး တောင်နဝင်းချောင်းပေါ်တွင် တည်ဆောက်ထားသည့် တောင်နဝင်းရေထိန်း တမံသို့ ရေလွှတ်၍ ရေထိန်းတမံ၏ မြောင်းမကြီးမှ တစ်ဆင့် ပေါက်ခေါင်း၊ ပြည်နှင့် သဲကုန်းမြို့နယ် များရှိ လယ်မြေဧက ၅၇၂၅၈ ဧကသို့ စိုက်ပျိုး ရေပေးဝေရန် ရည်ရွယ်တည်ဆောက်ထားခြင်း ဖြစ်သည်။
ဘက်စုံစိုက်ပျိုးရေးလုပ်ငန်းများတိုးတက်ရေး
တောင်နဝင်းရေလှောင်တမံ စီမံကိန်းသည် ဧရာဝတီမြစ်ဝကျွန်းပေါ်အထက်ပိုင်းဒေသ ဘက်စုံ စိုက်ပျိုးရေး လုပ်ငန်းများ ဖွံ့ ဖြိုးတိုးတက်ရေး အတွက် Master Plan တစ်ရပ် ရေးဆွဲရာမှ ပေါ်ထွက်လာသော စီမံကိန်း ဖြစ်သည်။ Master Plan ကို အဆင့်(၃)ဆင့်ထား ရေးဆွဲခဲ့ပြီး ပထမ အဆင့် လေ့လာမှုကို ၁၉၇၈ ခုနှစ်၊ ဒုတိယအဆင့်နှင့် တတိယအဆင့် လေ့လာမှုကို ၁၉၇၉ ခုနှစ်တွင် ဆောင်ရွက်ခဲ့သည်။
တောင်နဝင်းရေလှောင်တမံ ဖြစ်မြောက် နိုင်စွမ်းလေ့လာမှု အစီရင်ခံစာကို ၁၉၈၀ ခုနှစ်တွင် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) က မြန်မာနိုင်ငံအစိုးရထံသို့ တင်သွင်းခဲ့ပြီး တည်ဆောက်ခြင်းဆိုင်ရာ အပြီးသတ် ဒီဇိုင်းပုံစံရေးဆွဲခြင်းလုပ်ငန်းကို ဂျပန် နိုင်ငံမှ ဆန်းယုအတိုင်ပင်ခံအဖွဲ့ကို ငှားရမ်း၍ ၁၉၈၄ ခုနှစ်တွင် ဆောင်ရွက်ပြီးစီးခဲ့သည်။ တည်ဆောက်ရေးလုပ်ငန်းများကို ၁၉၈၅ - ၁၉၈၆ ခုနှစ်တွင် စတင်ခဲ့ပြီး ၁၉၉၄ - ၁၉၉၅ ခုနှစ်တွင် ဆောင်ရွက်ပြီးစီးခဲ့ရာ သက်တမ်းအားဖြင့် ၂၅နှစ် ခန့် ရှိပြီဖြစ်သည်။
ဂျပန်ပညာရှင်များ တည်ဆောက်
“ဂျပန်နိုင်ငံမှာ ဆည်တမံတစ်ခုကို ရေလျှံမှုနဲ့ ငလျင်ဒဏ်ခံနိုင်မှု စတာတွေကို ခန့်မှန်းတွက်ချက် ပြီးစံချိန်၊ စံòန်းနဲ့ကိုက်ညီတဲ့ ဒီဇိုင်းကို ရေးဆွဲခဲ့ပါတယ်။ နောက်ပြီး အနှစ် ငါးဆယ်၊ အနှစ်တစ်ရာအတွင်းမှာ နုန်း၊ သဲတွေ တမံအတွင်း ဘယ်လောက် အနည်ပို့နိုင်မလဲ၊ ရေသိုလှောင်နိုင်မှု ပမာဏပေါ်မှာ တွက်ချက်ပြီး ဒီဇိုင်းရေးဆွဲတာ ဖြစ်ပါတယ်။ အရင်ကဖြစ်ပေါ်ခဲ့တဲ့ ငလျင်ပေါ်မူတည်ပြီး တွက်ချက်ရေးဆွဲတယ်။ အမြဲထာဝရ အသုံးပြုလို့ ရအောင် တည်ဆောက်တာ ဖြစ်ပါတယ်။ ဘယ်အချိန်မှာ နုန်းရေဘယ်လောက်ကျမယ်၊ ဘယ်အချိန်မှာ ပြန်ပြီး ပြင်ဆင်ရမယ်၊ တမံကတော့ သတ်မှတ်ထားတဲ့အချိန်မှာ စစ်ဆေးထိန်းသိမ်းရေး လုပ်ငန်းတွေ၊ စောင့်ကြည့် လေ့လာရေးလုပ်ငန်း တွေကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အခု တောင်နဝင်းဆည်ရေလှောင်တမံကြီးကို ဂျပန်နိုင်ငံ က ကျွမ်းကျင်ပညာရှင်များက ခန့်မှန်းတွက်ချက် တည်ဆောက်ခဲ့ကြတာဖြစ်ပါတယ်။ တည်ဆောက် ပြီးစီးချိန်က အရှေ့တောင်အာရှမှာ အကြီးဆုံး ရေလှောင်တမံတစ်ခုလည်း ဖြစ်ပါတယ်”ဟု ဂျပန် နိုင်ငံသား ဆည်တမံဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဒေါက်တာမိုတိုရောရှိဟိကဆက ပြောသည်။
တောင်နဝင်းရေလှောင်တမံမှ နှစ်စဉ်နွေစပါး ပျမ်းမျှဧက ၇၀ဝ၀ ခန့်နှင့် မိုးစပါးဖြည့်စွက်ရေ၊ အောင်ရေ ပျမ်းမျှဧက ၁၂၀ဝ၀ ခန့် ရေပေးဝေလျက် ရှိရာမှ ငလျင်လှုပ်ခတ်ခဲ့ပြီး တမံပေါင် မိုင်တိုင် မှတ်ပေ ၆၁၀ဝ နှင့် ၆၂၀ဝ ကြားတွင် အက်ကွဲ ကြောင်းများ ဖြစ်ပေါ်ခဲ့ကာ တစ်ပေမှ နှစ်ပေအထိ နိမ့်ကျခဲ့သည်။
အသေးစိတ်ညှိနှိုင်းဆွေးနွေး
“တောင်နဝင်း ရေလှောင်တမံမှာ အက်ကြောင်းတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် စူးစမ်း လေ့လာမှုတွေ၊ တိုင်းတာ မှုတွေကို အချိန်ယူပြီး ဆောင်ရွက်ခဲ့ပါတယ်။ ရရှိလာတဲ့ အချက်အလက် တွေအပေါ် မူတည်ပြီး ဖေဖော်ဝါရီ ၂၀ ရက်က ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာန(ရုံးချုပ်)မှာ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်ပြီး ကျွမ်းကျင်သူတွေ၊ တာဝန်ရှိသူတွေ၊ ဂျပန်နိုင်ငံက ပညာရှင်တွေနဲ့ အသေးစိတ်ညှိနှိုင်းဆွေးနွေးခဲ့ပါတယ်။ ရရှိလာတဲ့ ညှိနှိုင်းဆွေးနွေးမှု အချက်အလက်တွေကို နောက်တစ်ရက်မှာ ချက်ချင်းပဲ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးနဲ့ တာဝန်ရှိသူတွေကို ဆက်လက်တင်ပြပြီး အသေးစိတ် ညှိနှိုင်းဆွေးနွေး ဆုံးဖြတ်ကြပါတယ်”ဟု ညွှန်ကြားရေးမှူး ဦးကျော်သူက ဆိုသည်။
စူးစမ်းရရှိချက်အပေါ် အခြေခံ၍ ဒေသခံများ ၏ အသက်အိုးအိမ် လုံခြုံစိတ်ချရမှုရှိစေရန် တမံ၏ ကြံ့ခိုင်မှုနှင့် လုံခြုံစိတ်ချရမှုအတွက် မိုးမကျမီ ဆောင်ရွက်ရမည့် အစီအစဉ်များကို ဖေဖော်ဝါရီလ ၂၁ ရက်၌ ရုံးချုပ်တွင် ကျင်းပပြုလုပ်သော လုပ်ငန်း ညှိနှိုင်းအစည်းအဝေးမှ ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။
နည်းလမ်းနှစ်မျိုးဖြင့် ဆောင်ရွက်
တောင်နဝင်းရေလှောင်တမံ စူးစမ်းလေ့လာခြင်းလုပ်ငန်းများကို ဇန်နဝါရီ ၂၈ ရက်တွင် စတင်ခဲ့ပြီး ဘူမိရူပဗေဒ တိုင်းတာရေးနည်းစနစ်ဖြင့် ပုံရိပ်ဖမ်းပုံဖော်ခြင်းဖြင့် တမံကိုယ်ထည်နှင့် တမံအောက်ခြေအနေအထားများကို စူးစမ်းလေ့လာခြင်းနည်းလမ်းနှင့် ဂျပန်ပညာရှင်အဖွဲ့နှင့် ပူးပေါင်းညှိနှိုင်းတိုင်ပင်ပြီး လွန်တူးခြင်းလုပ်ငန်းဖြင့် စူးစမ်း လေ့လာမှုများ ဆောင်ရွက်သည့် နည်းလမ်းနှစ်မျိုး ဖြင့် ဆောင်ရွက်ခဲ့သည်။
စီမံချက်အရ တမံအောက်ခံအုတ်မြစ် အားဖြည့်ခြင်းအတွက် ဘိလပ်မြေသရွတ်မှုတ် သွင်းခြင်းလုပ်ငန်း၊ တမံကိုယ်ထည်၏ အောက်ဘက်မှ မြေသားပိုး၍ ဖို့ခြင်းလုပ်ငန်း၊ တမံထိပ်ပြင် အက်ကြောင်းကုန်သည်အထိ တစ်မီတာစီ အလွှာလိုက် မြေသားဖယ်ခြင်းလုပ်ငန်း၊ တမံထိပ်ပြင်နှင့် မြေသားပိုးခြင်းအတွက် မြေဖို့ခြင်း လုပ်ငန်းများကို စနစ်တကျအချိန်မီပြီးစီးအောင် ဆောင်ရွက်ရန် ဖြစ်သည်။
ဆွေးနွေးဆုံးဖြတ်ချက်များအရ တည် ဆောက်ရေး(၂)၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအား တောင်နဝင်းတမံ ကြံ့ခိုင်ရေးနှင့် လုံခြုံစိတ်ချမှုရှိစေရေးအတွက် ဆောင်ရွက်မည့် အစီအစဉ်များအနက် တမံ ထိပ်ပြင် မြေသားဖယ်ရှားခြင်းနှင့် မြေပြန်လည်ဖို့ခြင်းလုပ်ငန်း၊ တမံနောက်ဘက်မှ မြေပိုး၍ဖို့ခြင်း လုပ်ငန်း များကို ဆောင်ရွက်ရန် တာဝန်ပေးခဲ့ခြင်း လည်း ဖြစ်သည်။
သို့အတွက် ဖေဖော်ဝါရီလ ၂၂ ရက်တွင် တောင်နဝင်းတမံသို့ စက်ယ္တရားများပေးပို့ စုဖွဲ့ခဲ့သည်။ Dozer, Excavator Dumper, Sheep Foot စသည်ဖြင့် စက်ယ္တရားအင်အား ၅၈ စီး၊ စက်မောင်းနှင့် လုပ်သားအင်အား ၃၀ဝ ဖြင့် ဖေဖော်ဝါရီလ ၂၃ ရက်တွင် နံနက် ၆ နာရီမှ ည ၁၀ နာရီအထိ နေ့စဉ်လုပ်ငန်းများကို စတင် ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် တမံနောက်ဘက် မြေပိုး၍ ဖို့ခြင်းလုပ်ငန်းသည် ၁၀ဝ ရာခိုင်နှုန်း ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။
“တမံထိပ်ပြင် မြေဖယ်ရှားခြင်းလုပ်ငန်းက ဆောင်ရွက်ပြီး ဖြစ်ပါတယ်။ တမံထိပ်ပြင် မြေဖို့ခြင်းလုပ်ငန်းက မတ်လ ၁၇ ရက်အထိ ၂၅ ရာခိုင်နှုန်း လောက် ဆောင်ရွက်ပြီးဖြစ်ပါတယ်”ဟု ၎င်းက ဆက်လက် ပြောကြားသည်။
စံချိန်၊ စံညွှန်းများအတိုင်း ဆောင်ရွက်
တမံထိပ်ပြင်မြေဖယ်ရှားခြင်း၊ မြေပြန်လည်ဖို့ခြင်းလုပ်ငန်းနှင့် တမံနောက်ဘက်မြေပိုး၍ ဖို့ခြင်းလုပ်ငန်းများကို အက်ကြောင်းများ ဖြစ်ပေါ်ခဲ့သည့် ပေတိုင် ၅၆၀ဝ မှ ၆၂၀ဝ အတွင်း ဆောင်ရွက်ခြင်းဖြစ်ပြီး မြေဖို့ခြင်း လုပ်ငန်းများကို ဆောင်ရွက်ရာတွင်လည်း အရည်အသွေးထိန်းသိမ်းရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် စံချိန်၊ စံòန်းများအတိုင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
လာမည့်မိုးရာသီတွင် ရေသိုလှောင်မှုကိုလည်း ဒေသခံများ၏ စိုးရိမ်ပူပန်စိတ် လျော့ကျစေရန်နှင့် လုံခြုံစိတ်ချရမှုအတွက် ၎င်းတို့၏ ဆန္ဒအရ လည်းကောင်း၊ လာမည့်မိုးစပါး၊ နွေစပါးစိုက်ပျိုးရန် ရေလိုအပ်ချက် ဖြည့်ဆည်းပေးရန်အတွက် လည်းကောင်း နှစ်စဉ် ဆည်ရေဝင်ရောက်မှု မှတ်တမ်းများအရ အများဆုံးဝင်ရောက် ခဲ့သည့် ၂၀၁၁ ခုနှစ် ဆည်ရေဝင်ရောက်မှုကို အသုံးပြု၍ တမံရေသိုလှောင်နိုင်မှု ပမာဏ၏ တစ်ဝက်ကိုသာ ထိန်းညှိသိုလှောင်သွားမည်ဖြစ်ပြီး ဘူမိစမ်းသပ် တွင်းများတွင် တိုင်းတာရေးကိရိယာများ တပ်ဆင် ၍ တမံ၏ ကိုယ်ထည်လှုပ်ရှားမှုကို စောင့်ကြည့် တိုင်းတာမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ “တောင်နဝင်းတမံ ကြံ့ခိုင်ရေးအတွက် ပြန်လည်ပြုပြင်ရေးလုပ်ငန်းတွေ ဆောင်ရွက် နေစဉ်အတွင်းမှာ တမံ အတွင်းက ရေပမာဏကို လျှော့ချပေးလျက်ရှိပါတယ်။ လက်ရှိနေ့စဉ် ၇၅၀ ကုဗပေ/စက္ကန့် (၁၄၈၇ ဒသမ ၆ ဧကပေ/ရက်) လျှော့ချပေးထားပါတယ်။ လက်ရှိ လျှော့ချပေးတဲ့ နှုန်းအရ ရေလှောင်ပမာဏပြောင်းလဲနိုင်မှုကို ကြိုတင်တွက်ချက်ထားပါတယ်”ဟု ဇလဗေဒ ဌာနခွဲမှ òန်ကြားရေးမှူး ဦးကျော်လင်းဦးက ပြောသည်။
မတ်လ ၁၇ ရက်တွင် တမံအတွင်းရေမှတ် ၈၅ ဒသမ ၃၅ မီတာ ရေလှောင်ပမာဏ ဧကပေ ၁၄၇၂၂၀ ရှိသည်။ တွက်ချက်မှုအရ ၂၀၁၉ ခုနှစ် မေလကုန်တွင် ရေလှောင်ပမာဏ ဧကပေ ၄၁၀ဝ၀ ခန့်အထိ လျှော့ချ နိုင်မည်ဖြစ်ကြောင်း သိရသည်။ လာမည့်မိုးရာသီတွင် တောင်နဝင်းရေလှောင် တမံအတွင်း ရေပြန်လည် ဝင်ရောက်မည်ဖြစ်ပြီး ရေလှောင်တမံသက်တမ်း ၂၅ နှစ်အတွင်း ရေဝင်ရောက်မှု အများဆုံးနှစ်ဖြစ်သော ၂၀၁၁ ခုနှစ်၏ တမံအတွင်းဝင်ရောက်ခဲ့သည့် ပမာဏကို ခန့်မှန်းတွက်ချက်မှုများအရ ၂၀၁၉ ခုနှစ် အောက်တိုဘာလ တွင် အများဆုံးရောက်ရှိလာမည့် သိုလှောင်ပမာဏသည် ၁၄၀ဝ၀ဝ ဧကပေခန့်သာ ရှိမည်ဖြစ်ရာ တမံ၏ စုစုပေါင်းရေလှောင်နိုင်သည့် ပမာဏဧကပေ ၂၈၇၀ဝ၀ ၏ တစ်ဝက်သာ ရှိမည် ဖြစ်သည်။
စံနှုန်းကိုက်ညီမှ မြေကြီးနောက်တစ်လွှာဖို့
တောင်နဝင်းရေလှောင်တမံ ထိပ်ပြင်ရှိ အက်ကြောင်းများဖယ်ရှားပြီး ပြန်လည်မြေဖို့ခြင်းနှင့် တမံကိုယ်ထည် နောက်ဘက်ခြမ်း မြေသားဖို့ခြင်းလုပ်ငန်းများတွင် အရည်အသွေးထိန်းသိမ်းရေးကို တာဝန်ယူဆောင်ရွက် နေရသည့် ဆည်မြောင်းပညာရပ် ဖွံ့ ဖြိုးမှုလေ့ကျင့်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်အေးအေးလှိုင်က “မြေဖို့ ခြင်းလုပ်ငန်း မဆောင်ရွက်မီ ဒီဇိုင်းနဲ့ ပုံထုတ်ဌာနခွဲက သတ်မှတ်ပေးတဲ့ မြေအမျိုးအစားနဲ့ ပမာဏကို ကြိုတင်ရှာဖွေရပါတယ်။ ကွင်းထဲမှာမြေဖို့တဲ့အခါ ဓာတ်ခွဲခန်းမှာစမ်းသပ်ရရှိတဲ့ မြေသားသိပ်သည်းမှု အနည်းဆုံး ရေလိုအပ်တဲ့ ပမာဏတို့ကို စံသတ်မှတ်ပြီး မြေကြီးတစ်လွှာဖို့ပြီးတိုင်း ဖို့မြေတွေကို သတ်မှတ်ထားတဲ့ နည်းစနစ်အတိုင်း စစ်ဆေး ပါတယ်။ စံနှုန်းသတ်မှတ်ချက်နဲ့ ကိုက်ညီမှသာ မြေကြီးနောက်တစ်လွှာ ဖို့ခဲ့ပါတယ်။ ဖို့ကြိတ်တဲ့ အခါမှာလည်း ဖို့မြေတစ်လွှာနဲ့တစ်လွှာ ဆက်စပ်မှုရှိအောင် နေရာလပ်မကျန် ကြိတ်နိုင်အောင် ရေအနည်းအများတို့ကို အမြဲကြည့်ရှုစစ်ဆေးပါ တယ်။ တမံခိုင်ခံ့မှုကို အနှောင့်အယှက်ဖြစ်စေတဲ့ သစ်မြစ်တွေ၊ အမှိုက်တွေ၊ ကျောက်တုံးတွေကို ဖို့မြေမှာ မပါအောင် ဖယ်ရှားစေပါတယ်”ဟု ဆိုသည်။
တမံအောက်ခြေ ပိုမိုတောင့်တင်းခိုင်မာအောင် ဆောင်ရွက်ခြင်းကို ဖေဖော်ဝါရီလ ၂၃ ရက်က စတင် ဆောင်ရွက်ခဲ့ပြီး တမံပြုပြင် အားဖြည့်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရာတွင် တမံထိပ်ပြင်မှ အနက် ၇၅ ပေအထိ ကို မြေဖယောင်း၊ ဘိလပ်မြေနှင့် ရေ အချိုးကို ( ဝ ဒသမ ၃ါ်ဝ ဒသမ ရါ်၁) ဖြင့် တမံအောက်ခြေမြေဖို့ခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။
အနက် ၇၅ ပေမှ ပေ ၁၂၀ အထိ တမံ အောက်ခြေ အုတ်မြစ်သရွတ်မှုတ် အားဖြည့်ခြင်း လုပ်ငန်းကို မြေဖယောင်း ၊ ဘိလပ်မြေနှင့် ရေအချိုး (ဝ ဒသမ ဝ၃ါ်ဝ ဒသမ ၉ရါ်၁) ဖြင့် ရောစပ်ပြီး ဆောင်ရွက်ခဲ့သည်။ တမံထိပ်ပြင်အက်ကြောင်း ဖြစ်ပေါ်ခဲ့တဲ့ RD - ၅၆၀ဝ မှ RD - ၆၂၀ဝ အတွင်း လွန်တူးစက် ၁၆ စီးဖြင့် သရွတ်လိုင်း ၇ လိုင်း၊ တစ်လိုင်းနှင့် တစ်လိုင်း ၁၀ ပေခြား၊ လွန်တွင်း တစ်တွင်းနှင့် တစ်တွင်း ၁၀ ပေခြား၍ တမံထိပ်ပြင် မှ အနက်ပေ ၁၂၀ အထိ သရွတ်မှုတ်အားဖြည့်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
၂၀၁၉ ခုနှစ် မတ်လ ၁၇ ရက်အထိ သရွတ်မှုတ် အားဖြည့်ခြင်းလုပ်ငန်းမှာ ၅၅ ရာခိုင်နှုန်း ပြီးစီးပြီး ဖြစ်ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ ရေးဦးစီးဌာန ဘူမိဗေဒဌာနခွဲမှ သိရသည်။
မလိုအပ်တဲ့ ထိခိုက်မှုတွေရှိနိုင်
“တောင်နဝင်းရေလှောင်တမံ ကြံ့ခိုင်မှုက ဒေသခံတွေ စိုးရိမ်နေသလို အန္တရာယ်မရှိနိုင်ပါဘူး။ ရေလျှော့ချ လိုသော ပမာဏကို လက်ရှိထိန်းညှိ ထုတ်လွှတ်ပေးတဲ့ နည်းလမ်းနဲ့လည်း လျှော့ချပေး နေတာဖြစ်လို့ ရေလျှော့ချဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရေတံခါးတည်ဆောက်ဖို့ မလိုအပ်ပါဘူး။ ရေတံခါး ဒါမှမဟုတ် ရေတံခါး တပ်ရေပိုလွှဲတွေက ရေထုတ်လွှတ် လျှော့ချပေးမယ်ဆိုရင် ရေစီးဆင်းသွားတဲ့ လမ်းကြောင်းတစ်လျှောက် အခြားမလိုအပ်တဲ့ ထိခိုက်မှုတွေ ရှိနိုင်ပါတယ်”ဟု ဦးကျော်လင်းဦးက သုံးသပ်ပြောပြသည်။
“ဂျပန်နိုင်ငံမှာ အခုလိုတည်ဆောက်ပြီး ဆည် တမံတစ်ခုမှာ ထပ်မံပြီး ရေတံခါးတွေ၊ ရေထိန်း ရေပိုလွှဲတွေ တပ်ဆင်ဖို့အတွက် အနည်းဆုံးအချိန် ၁၀ နှစ်ယူပြီး လေ့လာမှုတွေ လုပ်ပါတယ်။ အဲဒီလို လေ့လာရာမှာ ရေထိန်းတံခါးတပ်မယ့်ဆည်နဲ့ ပတ်ဝန်းကျင်က ဆည်တွေမှာ ရေပိုလွှဲတွေ၊ တံခါးတွေ ထပ်မံတပ်ဆင်ဖို့ လိုအပ်မှု ရှိ/မရှိ၊ ဆည် တစ်ခုတည်း တပ်ဆင်ပါက ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်တွေကို စနစ်တကျ လေ့လာရပါတယ်။ ရေကြီးရေလျှံမှုဖြစ်တဲ့အချိန် ရေထိန်းတံခါး တစ်ခုတည်းက ရေတွေကို ထုတ်လိုက်မယ်ဆိုရင် ဆည်အောက် ပိုင်းဒေသတွေမှာ ရေလွှမ်းမိုးမှုတွေ အများကြီးဖြစ်လာနိုင်ပါတယ်။ ဒီလို အတွေ့အကြုံကို ထိုင်းနိုင်ငံမှာ ကျွန်တော်တို့ ရခဲ့ပါတယ်။ ဒါကြောင့် ရေထိန်းတံခါးတပ်ဆင်မှုကို ကျွန်တော်တို့ အမြင်အနေနဲ့ အလောသုံးဆယ် မလုပ်စေချင်ပါဘူး။ စနစ်တကျလေ့လာပြီး အဆင့်အလိုက် စနစ်တကျနဲ့ အချိန်ယူသုံးသပ်ပြီး ဆောင်ရွက်သွား စေချင်ပါတယ်”ဟု ဂျပန်နိုင်ငံသား ဆည်တမံ ဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဒေါက်တာ မိုတိုရောရှိ ဟိကဆက သုံးသပ်ပြောကြားသည်။ထိုကဲ့သို့ တောင်နဝင်းဆည် ရေလှောင်တမံ ကြီး ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ အချိန်မီ ပြီးစီးရေး၊ တောင်နဝင်းဆည် ကျိုးသွားတယ် ဆိုသည့် ကောလာဟလသတင်းများကြောင့် ထိတ်လန့် ခဲ့ရသည့် ပြည်သူများ၏ စိုးရိမ်ပူပန်မှု များကို ကုစားနိုင်ရေးတို့အတွက် နေ့မနား၊ ညမနား ဆောင်ရွက် နေကြသည့် ဦးကျော်သူနှင့် အဖွဲ့သားများသည် တောင်နဝင်းဆည်ကြီး မပျက်မယွင်း ယခင်အတိုင်း ပြန်လည်ကောင်းမွန်လာရေးကိုသာ ရှေးရှုကာ ကြိုးစားဆောင်ရွက်နေကြသည်။လုပ်ငန်းခွင်အထိ ကြီးကြပ် ဆောင်ရွက်နေ” ဆည်မြောင်းနဲ့ ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနက တာဝန်ရှိသူတွေက လုပ်ငန်းတွေကို မတ်လ ၃၁ ရက်မှာ ပြီးစီးအောင် လုပ်ငန်းခွင်အထိ လာရောက်ပြီး အနီးကပ်ကြီးကြပ် ဆောင်ရွက်နေ ပါတယ်။ ကျွန်တော်တို့ အခုလိုနေ့စဉ် မနက် ၆ နာရီ မှ ည ၁၀ နာရီအထိ လုပ်ငန်းတွေ ဆောင်ရွက်နေမှုကို ပေါက်ခေါင်း မြို့သူ မြို့သားတွေက အသိအမှတ်ပြုတဲ့အနေနဲ့ နေ့စဉ်နီးပါး ညနေပိုင်းတွေမှာ အစားအသောက်တွေ လာရောက်ကျွေးမွေး ကြပါတယ်။ ကျွန်တော်တို့အတွက် ခွန်အားဖြစ်စေပြီး ကျွေးမွေးကုသိုလ်ပြုကြတဲ့ ပေါက်ခေါင်းမြို့သူ မြို့သားတွေကို ကျေးဇူးတင်ပါတယ်”ဟု ဦးကျော်သူက ဆိုသည်။ ။
မြန်မာ့အလင်း