ရန်ကုန် ၂၄ ဇန်နဝါရီ
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ စပါးမျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီစဉ်ပြုလုပ်သော ပုသိမ်မျိုးစေ့ ပြပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပုသိမ်မြို့ မြို့တော်ခန်းမ၌ ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့်တာဝန်ရှိသူများက ပြပွဲကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ World without hunger (WHH, Myanmar) မှ Mr. Mike Bratzke နှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်း အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင်တို့က အမှာစကားပြောကြားခဲ့ပြီး ပြပွဲအတွင်း ပြသထားသော စပါးမျိုးစေ့ပြခန်းများ၊ လယ်ယာသုံး စက်ကိရိယာပြခန်းများကို လိုက်လံကြည့်ရှုခဲ့ကြသည်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ စပါးမျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် LIFT ၏ ပံ့ပိုးမှုဖြင့် စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် နယ်သာလန်နိုင်ငံရှိ Wageningen University & Res -earch တို့ ပူးပေါင်းကာ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း သိရသည်။
ယင်းစီမံကိန်းတွင် အခြေခံမျိုးကောင်းမျိုးသန့် ထုတ်လုပ်မှုအတွက် အစိုးရပိုင် မျိုးသန့်ခြံများအား ထောက်ပံ့ကူညီခြင်း၊ မျိုးစေ့ထုတ်လုပ်သူများနှင့် မျိုးစေ့ကုမ္ပဏီများ၏ မျိုးစေ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် ကူညီပေးခြင်း၊ မျိုးစိုက်တောင်သူများနှင့် မျိုးစေ့အရည်အသွေး အာမခံမှုများ အားကောင်းလာစေခြင်းနှင့် မျိုးစေ့ကဏ္ဍတွင် ပါဝင်လုပ်ဆောင်နေသူများအကြား ပူးပေါင်းလုပ်ဆောင်မှုများ မြှင့်တင်ပေးခြင်းစသော အပိုင်းများ ပါဝင်ကြောင်း သိရသည်။
“ဒီလိုပြပွဲကြီးလုပ်ခြင်းအားဖြင့် ဒီဧရာဝတီတိုင်းဒေသကြီးရဲ့ ဆန်စပါးမျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာဖို့နဲ့ မျိုးစေ့လုပ်ငန်းတွေ အရှိန်အဟုန်နဲ့ ကြီးပွားတိုးတက်လာဖို့အတွက် အခုလိုလုပ်ဆောင်တာပါ” ဟု WHH, Myanmar မှ စီမံကိန်းအဖွဲ့ခေါင်းဆောင် Mr. Andreas Graf က ပြောကြားသည်။
ပုသိမ်မျိုးစေ့ပြပွဲကို ဇန်နဝါရီလ ၂၄ ရက်နှင့် ၂၅ ရက်နေ့များတွင် ကျင်းပမည်ဖြစ်ပြီး မျိုးစေ့ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများအကြောင်း၊ ဝယ်လိုအားခန့်မှန်းစနစ် အပလီကေးရှင်းများအကြောင်း၊ မျိုးစေ့ကဏ္ဍနှင့် ပတ်သက်သော အမေးအဖြေများ၊ မျိုးစေ့ကဏ္ဍဆိုင်ရာ ဆွေးနွေးပွဲများနှင့် မျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုက်နာကျင့်သုံးလုပ်ဆောင်ရမည့် တာဝန်များအကြောင်း စသော ဟောပြောပွဲများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ ပြပွဲတွင် စပါးနှင့် အခြားမျိုးစေ့ဆိုင်ရာ ပြခန်းများ၊ လယ်ယာသုံး စက်ကိရိယာပြခန်းနှင့် ပုဂ္ဂလိကဘဏ်ပြခန်းများစသော ပြခန်းပေါင်း ၂၈ ခန်း ပြဝင်ပြသလျက်ရှိကြောင်း သိရသည်။
အဆိုပါပြပွဲသို့ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေးတောင်သူများ၊ ကျောင်းသားကျောင်းသူများ လာရောက်လေ့လာလျက်ရှိသည်ကို တွေ့ရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း