နေပြည်တော်၊ ဩဂုတ် ၁၁
ဧရာဝတီနှင့် ပဲခူးတိုင်းဒေသကြီးများအတွင်း ရေဘေးအန္တရာယ် ကာကွယ်ရေးနှင့် ကမ်းပြိုကမ်းစားခြင်းကြောင့် တာတမံများ ရေတိုက်စားခြင်းကို ကာကွယ်ထိန်းသိမ်း ဆောင်ရွက်ရေး ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ Video Conferencing ဖြင့်ပြုလုပ်သည်။
အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံတမံကြီးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ ဦးဗစ်တာ၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာန၏ ဌာနခွဲအသီးသီးမှ ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာတိုင်းဒေသကြီး ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးကြသည်။
ဆွေးနွေးပွဲတွင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ယခုနှစ် ဇူလိုင်လဆန်းမှစ၍ ဧရာဝတီမြစ်ရေ မြင့်တက်ခြင်း၊ ဒေသတွင်းနေရာအနှံ့ မိုးများစွာ ရွာသွန်းခဲ့ခြင်းကြောင့် မြို့များ၏ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိခဲ့ပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ခြင်း၊ ရေဘေးကာကွယ်ရေးတာများတွင် ရေကင်းများချထားမှုနှင့် အရေးပေါ်ထိန်းသိမ်းပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ခြင်း၊ တာတမံများ ကျိုးပေါက်မှုမဖြစ်ပေါ်စေရန် ဆောင်ရွက်ခဲ့သည့် အခြေအနေများနှင့် လာမည့်မိုးလယ်၊ မိုးနှောင်းနှင့် မိုးလွန်ကာလများတွင် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးက ဟင်္သာတမြို့နယ်၊ အိပ်ပျက် ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ရွာအနီး ဖြစ်ပေါ်နေသည့် ကမ်းပြိုကမ်းစားမှုဖြစ်စဉ်များ၊ ရေဘေးကာကွယ်ရေးအတွက် ဖြတ်တာများနှစ်အလိုက် ပြောင်းလဲဆောင်ရွက်ခဲ့ရမှုများ၊ ကမ်းပြိုကမ်းစားမှု လျော့နည်းသက်သာစေရေး ဆောင်ရွက်သင့်သည့် နည်းလမ်းများ၊ ယခုနှစ် ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုများအပေါ် အရေးပေါ်ဆောင်ရွက်ခဲ့ရသော လုပ်ငန်းများနှင့် ပြန်လည်ပြင်ဆင်ရမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် မြန်မာနိုင်ငံတမံကြီးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ ဦးဗစ်တာက ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် ရေဘေးကာကွယ်ရေးတာများ တည်ဆောက်ခဲ့မှုများနှင့် မှတ်တမ်းများ၊ လက်ရှိဆောင်ရွက်မှု အခြေအနေများ၊ ရေဘေးကာကွယ်ရေးတာများ မြှင့်တင်ခြင်း၏ အကျိုးဆက်များ၊ ရေဘေးကာကွယ်ရေးတာများ ရေရှည်တည့်တံ့ရေးအတွက် ဆောင်ရွက်သင့်သည့် လုပ်ငန်းများကို အကြံပြုရှင်းလင်းဆွေးနွေးသည်။
ဆွေးနွေးချက်များစပ်လျဉ်း၍ ဒုတိယဝန်ကြီးက ဧရာဝတီမြစ်ကြောင်း ပြောင်းလဲစီးဆင်းမှုကြောင့် မြစ်ကမ်းပါး ရေတိုက်စားမှုအား လျှော့ချနိုင်ရေးအတွက် ဆက်စပ်သည့် ဧရာဝတီတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ထိခိုက်မှုအနည်းဆုံးဖြင့် ရေရှည်အကျိုးရှိစေနိုင်ရေး ဆောင်ရွက်သင့်သည့် နည်းလမ်းနှင့် လုပ်ငန်းများ၊ ပွင့်လင်းရာသီတွင် တာတမံများ တောင့်တင်း ခိုင်မာအောင် ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်သော လုပ်ငန်းများကို ဆွေးနွေးမှာကြားသည်။
ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် မြစ်ကမ်းပါးရေတိုက်စားမှုကြောင့် ရေဘေးကာကွယ်ရေး တာတမံများ ပျက်စီးကျိုးပေါက်၍ မြို့ရွာများနှင့် စိုက်ပျိုးမြေများ ရေကြီးရေလျှံမှု အန္တရာယ်မဖြစ်စေရန် နှစ်စဉ်မိုးရာသီမတိုင်မီ လိုအပ်သော ဖြတ်တာများ၊ ပန်းတာများကို အချိန်မီတည်ဆောက်ခြင်း၊ တည်ဆောက်ပြီး တာတမံများ ကြံ့ခိုင်မှုရှိစေမည့် လုပ်ငန်းများကို အထူးအလေးထား ဆောင်ရွက်လျက်ရှိသကဲ့သို့ ဧရာဝတီမြစ်ကမ်းပါး ရေတိုက်စားမှု ကာကွယ်ခြင်းလုပ်ငန်းများကိုလည်း ဆက်စပ်ဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


