၅ သြဂုတ်

 

ဧရာဝတီဖောင်ဒေးရှင်းသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေးအတွက် ဆက်လက်ကူညီလှူဒါန်းလျက်ရှိပြီး အစားအသောက်နှင့် နေရာများ စီစဉ်ပေးခြင်း၊ နေရပ်ပြန်ရန် အခက်အခဲရှိသူများအတွက် ငွေကြေးထောက်ပံ့ပေးခြင်း ပြုလုပ်ပေးလျက်ရှိသည့်အပြင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကလေးငယ်များအတွက် ရောဂါကာကွယ်ရေးပစ္စည်းများ လှူဒါန်းခဲ့သည်။

 

ဧရာဝတီဖောင်ဒေးရှင်းသည် ရန်ကုန်မြို့ရှိ  Quarantine စင်တာများတွင် ထားရှိထားသည့် စောင့်ကြည့်ခံနေရသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း စုစုပေါင်း လူဦးရေ ၃၄၆ ဦးအတွက် နံနက်စာ၊ နေ့လယ်စာ၊ ညစာ အစားအသောက်များ နေ့စဉ် ပို့ဆောင်ပေးလျက်ရှိပြီး ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ Facility Quarantine စင်တာများအတွက် လူဦးရေ ၄၀၀ ကျော် နေထိုင်နိုင်သော ရုံးခန်းနေရာများကို ပံ့ပိုးပေးထားသည်။

 

ထို့ပြင် ရောဂါပိုးကင်းစင်၍ နေရပ်ပြန်ရန် အခက်အခဲရှိသော မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် ကိုဗစ်-၁၉ လူနာ (၁၂)ဦးအတွက် တစ်ဦးလျှင် (၃)သိန်းကျပ်စီ ကူညီထောက်ပံ့ခဲ့သည်။ ဧရာဝတီဖောင်ဒေးရှင်းသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဘုန်းတော်ကြီးသင် ပညာသင်ကျောင်းများမှ ရင်ခွင်မဲ့ကလေးငယ်များ၊ တိုက်ပွဲရှောင် ကလေးငယ်များနှင့် နွမ်းပါးကလေးငယ်ကျောင်းသား၊ ကျောင်းသူများအတွက် Face Shield ၄၀၀၀ ခုနှင့် အဝတ်နှာခေါင်းစည်း (၈၅၀၀) များကို ဇေယျာမောင်မယ် ပရဟိတအသင်းမှတစ်ဆင့် လှူဒါန်းခဲ့သည်။

 

ဧရာဝတီ ဖောင်ဒေးရှင်းသည် ကိုဗစ်-၁၉ ရောဂါ မြန်မာနိုင်ငံတွင် စတင်ဖြစ်ပွားကတည်းက ကာကွယ်ကုသရေးအတွက် ထောက်ပံ့ကူညီခြင်း၊ နိုင်ငံအနှံ့အပြားသို့ စားနပ်ရိက္ခာများ လှူဒါန်းပေးခြင်း၊ ကျန်းမာရေးဝန်ထမ်းများအတွက် ကျန်းမာရေးအာမခံရန်ပုံငွေ မတည်လှူဒါန်းပေးခြင်း၊ ဂုဏ်ပြုချီးမြှင့်ပေးခြင်း၊ အခက်ကြုံနေရသူများကို ကူညီထောက်ပံ့ခဲ့ပြီး Max Energy ကလည်း အငှားယာဉ်မောင်းများ၊ ဆေးရုံကားများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ကပ်ရောဂါကာကွယ်ရေး ကူညီဆောင်ရွက်ပေးနေသူများအတွက် အထူးဈေးနှုန်း သတ်မှတ်ရောင်းချပေးခဲ့ရာ Covid-19 ကာလအတွင်း ငွေကျပ်သိန်းပေါင်း (၃)သောင်းကျော် လှူဒါန်းထားကြောင်း သိရသည်။

 

သတင်း- ရဲရင့်ရှိုင်း

ဓာတ်ပုံ- ကိုမိုး