ရန်ကုန် ၉ အောက်တိုဘာ
ဧရာဝတီဖောင်ဒေးရှင်းသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေး လုပ်ငန်းများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုအတိုင်း ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး သုဝဏ္ဏဘောလုံးကွင်းနှင့် အမျိုးသားဘောလုံးအကယ်ဒမီ (ရန်ကုန်) တို့တွင် တည်ဆောက်ထားသည့် ဧရာဝတီစင်တာများတွင် လူနာ (၁၀၀၀) အထိ ကုသနိုင်ရန် ဆောင်ရွက်ထားသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုနှုန်း မြင့်တက်လာသောကြောင့် လူနာများ ဆေးကုသမှု အဆင်ပြေစေရန် ကိုဗစ်-၁၉ ရောဂါကုသရေး ဧရာဝတီစင်တာများကို စက်တင်ဘာ လဆန်းပိုင်းကတည်းက စတင်အကောင်အထည် ဖော်ခဲ့ပြီး လိုအပ်ချက်များအရ ထပ်မံတိုးချဲ့ခဲ့ရာ လူနာစုစုပေါင်း ၁၀၀၀ အထိ ဆေးကုသမှု ခံယူနိုင်မည်ဖြစ်သည်။ ဧရာဝတီဖောင်ဒေးရှင်းသည် ကိုဗစ်-၁၉ ရောဂါလူနာများ ထားရှိရန် ဧရာဝတီစင်တာ (A) နှင့် (B) အပြင် အရေးပေါ်လူနာများ ထားရှိရန်အတွက်ပါ ICU/HCU ကို တည်ဆောက်ထားခြင်းဖြစ်သည်။ ဧရာဝတီစင်တာ (A) နှင့် (B) တွင် လူနာ (၈၇၅) ဦး ထားရှိနိုင်မည်ဖြစ်ပြီး ICU/HCU တွင် ၁၂၅ ဦးအထိ ထားရှိနိုင်မည်ဖြစ်သည်။
ဧရာဝတီဖောင်ဒေးရှင်းသည် ဧရာဝတီစင်တာ (A) နှင့် (B) တွင် လာရောက်ကုသမှု ခံယူနေသူများ အဆင်ပြေစေရန် စီမံဆောင်ရွက်ပေးထားပြီး ICU/HCU တွင်လည်း ခေတ်မီစက်ပစ္စည်းကိရိယာ စုံလင်စွာဖြင့် အရေးပေါ်လူနာများကို အနီးကပ်ကြပ်မတ် ကုသပေးနိုင်မည်ဖြစ်သည်။ ဧရာဝတီဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါကာကွယ် ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး လူနာများထားရှိရန် ဧရာဝတီစင်တာများ တည်ဆောက်ပေးထားသည့်အပြင် လူနာများ၏ နေ့စဉ် အစားအသောက်များ၊ ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်း၊ စေတနာ့ဝန်ထမ်းများ၏ နေထိုင်သွားလာ စားသောက်ကိစ္စရပ်များကိုပါ လိုလေသေးမရှိစေရန် ဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။
ဧရာဝတီစင်တာ (A) တွင် ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်းနှင့် စေတနာ့ဝန်ထမ်း (၁၅၀) ကျော်၊ ဧရာဝတီစင်တာ (B) တွင် ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်းနှင့် စေတနာ့ဝန်ထမ်း (၁၀၀) ကျော်၊ ICU/HCU တွင် ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်းနှင့် စေတနာ့ဝန်ထမ်း (၁၅၀) ကျော်တို့က နေ့စဉ်တာဝန်ယူ ဆောင်ရွက်နေပြီး အလှူရှင်များ လှူဒါန်းမှုများ လက်ခံရန်၊ ဧရာဝတီစင်တာ လိုအပ်ချက်များ ဖြည့်ဆည်းရန်နှင့် အထွေထွေ လိုအပ်ချက်များအတွက် ဆောင်ရွက်ရန် ဧရာဝတီဖောင်ဒေးရှင်း ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း ၂၀၀ ကျော်တို့က ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ဧရာဝတီဖောင်ဒေးရှင်းသည် ဧရာဝတီစင်တာတွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်-၁၉ ရောဂါ ခံစားနေရသူများ အဆင်ပြေစေရန် တစ်ကိုယ်ရည်သုံး ပစ္စည်းများအား ဖြည့်ဆည်းပေးထားသလို တစ်နေ့လျှင် လေးကြိမ်နှုန်းဖြင့် ကျွေးမွေးလျက်ရှိကြောင်း သိရသည်။ ထို့ပြင် ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ၏ နေ့စဉ်အစားအသောက်၊ နားနေသည့် နေရာများသို့ အသွားအပြန် မော်တော်ယာဉ်များဖြင့် စီစဉ်ပေးလျက်ရှိသလို ကိုယ်ပိုင်ယာဉ်ဖြင့် လာရောက်သူများကိုလည်း Max Energy တွင် ဆီစာအုပ်ပြုလုပ်ပေးပြီး စက်သုံးဆီများ ထုတ်ပေးလျက်ရှိသည်။ ရောဂါပိုးပျောက်ကင်းပြီး နေအိမ်သို့ပြန်မည့်သူများကိုလည်း ဧရာဝတီဘဏ် မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကုသရေး ဧရာဝတီစင်တာအတွက် စေတနာရှင်များက အလှူငွေနှင့် ပစ္စည်းများ လာရောက်လှူဒါန်းလျက်ရှိပြီး ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ နေထိုင်ရန် အဆောက်အဦများ အသုံးပြုခွင့် ပေးထားခြင်းတို့ကြောင့် ဧရာဝတီဖောင်ဒေးရှင်း အနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ခြင်းဖြစ်ကြောင်းသိရသည်။
ဧရာဝတီဖောင်ဒေးရှင်းသည် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်သည့် အချိန်အထိ ဧရာဝတီစင်တာများ ဖွင့်လှစ်ကာ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လိုအပ်သည့် နေရာများသို့လည်း ထပ်မံလှူဒါန်းသွားရန်ရှိကြောင်း သိရသည်။
သတင်း-ရဲရင့်ရှိုင်း
ဓာတ်ပုံ - ကိုမိုး


