လေးမျက်နှာ ၂ ဒီဇင်ဘာ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၆)မြို့နယ်၌ ကလေးစာပေ ပွဲတော်များကို ဆက်လက်ကျင်းပလျက်ရှိရာ အဌမအကြိမ်မြောက် ကလေးစာပေ ပွဲတော်(လေးမျက်နှာ) ဖွင့်ပွဲအခမ်းနားကို ဒီဇင်ဘာလ ၂ ရက် နံနက် ၉ နာရီ အချိန်က လေးမျက်နှာမြို့ (အထက)ကျောင်းတွင် ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနား၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေး၊ လှုဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဧရာတိုင်း ဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှုး ဦးလှမျိုးအောင်၊ လေးမျက်နှာ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းသိန်း၊ အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးစိုးခိုင်နှင့် ခရိုင်အုပ်ချုပ်ရေးမှုးဦးမျိုးအောင်တို့က တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ ခြံရံလျက် ကလေးစာပေ ပွဲတော်(လေးမျက်နှာ)ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ဖွင့်ပွဲအခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို (အထက)လေးမျက်နှာ ဒုဌဝတီခန်းမတွင် ဆက်လက် ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက အဖွင့် အမှာစကား ပြောကြားရာတွင် “ယနေ့ လေးမျက်နှာမြို့နယ် ကလေးစာပေပွဲတော် မှာကလေးများ စာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ ရာသက်ပန် ပညာရှာမှီးသူများ ဖြစ်လာစေရန် ပွဲတော် ၌ပျော်ရွှင်စွာ ဆင်နွှဲရင်း စုပေါင်း အလုပ်များတွင် ဝိုင်းဝန်းပါဝင်တတ်သည့် အလေ့အထကောင်းများ ဖြစ်လာစေရန် ပညာဗဟုသုတရော လူရည်လူသွေးပါ ပြည့်ဝ၍ အနာဂတ်တွင် တိုင်းပြည်အတွက် ဦးဆောင်ဦးရွက်ပြုနိုင်သူများဖြစ်လာစေရန်၊ ကျောင်းနေ အရွယ် ကလေး ငယ်များ ကလေး စာပေပွဲတော်နှင့် ပတ်သက် ၍ကျယ်ပြန့်စွာ သိရှိပြီး အများစုပါဝင် ဆောင်ရွက်ခွင့် ရရှိစေရန် စတဲ့ ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း၊ ဧရာဝတီတိုင်းအနေဖြင့် နိုင်ငံတော် အဆင့်ကလေးစာပေပွဲတော်ကို ၂၀၁၈ခုနှစ်၊ နိုဝင်ဘာ လ(၃)ရက်နေ့မှ(၅)ရက်နေ့အထိစည်ကား သိုက်မြိုက် စွာကျင်းပနိုင်ခဲ့ပြီး ခရိုင်အဆင့်နေနဲ့ ဖျာပုံခရိုင်၊ဟင်္သာတခရိုင်၊ မအူပင်ခရိုင်တို့မှာလည်း ကလေးစာပေပွဲတော်များကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါကြောင်း၊ ဧရာဝတီ တိုင်းဒေသကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တတ်စွမ်းသရွေ့ တည်ဆောက် အကောင်အထည် ဖော်ပေးခြင်း လည်း ဖြစ်ပြီး အနာဂတ်အတွက် အရည်အသွေးမြင့်မားတဲ့ သားကောင်းသမီးမွန်တွေ ဖြစ်လာစေရန်၊ ကလေးများ စာပေ မှာ မွေ့လျော်လာစေရန်၊ ကလေးများအတွက် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် ကျင်းပရခြင်း ဖြစ်ကြောင်း၊ ကလေး များအချင်းချင်း ပူးပေါင်း ဆောင်ရွက်ခွင့် အတွေ့ အကြုံများ ရရှိမှာဖြစ်ပြီး ဒီလိုဖြစ်လာဖို့ အတွက် ကျွန်မတို့ တာဝန်ရှိသူများ အနေနဲ့ ကလေး စာပေပွဲတော်များကို ဖန်တီးပေးတာ ဖြစ်ပါတယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီး (၁၅)ခု အနက် ကျွန်မတို့ တိုင်းဒေသကြီးအနေနဲ့ မြို့နယ်အဆင့် ကလေးစာပေ ပွဲတော်များကို ကျင်းပခြင်းဟာ ပထမဦးဆုံး ဖြစ်ပါ တယ်။ တိုင်းဒေသကြီးအစိုးရ အနေနဲ့ (၂၆)မြို့နယ် အတွက် တစ်မြို့နယ်ကို သိန်း(၃၀)စီ ပံ့ပိုး ပေးခဲ့သလို ပြန်ကြားရေးဝန်ကြီးဌာနကလည်း မြို့နယ်တိုင်းကို ကလေးများအတွက် ကလေးစာပေစာအုပ် (၇၀ဝ)စီနဲ့ MRTV ၊မြန်မာ့အလင်း ၊ကြေးမုံ၊ သတင်းစာ၊ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဝက်ဆိုဒ်ဖြစ်တဲ့ MOI နဲ့ Myanmar Digital News တို့တွင်သတင်းများ၊ ကြော်ငြာများဖြင့် ဝေဝေဆာဆာထည့်သွင်း ဖော်ပြပေးခဲ့ပါကြောင်း၊ လေးမျက်နှာမြို့နယ် အနေနဲ့လည်း မိမိတို့မြို့မှာ ကျင်းပတဲ့ ပွဲတော်ကို စည်စည်ကားကားဖြစ်အောင်အဖက်ဖက်က ပြည့်ပြည့် စုံစုံဝိုင်းဝန်းဆောင်ရွက် ပေးကြတာ တွေ့ရ တဲ့အတွက် အထူးပင်ဝမ်းမြောက် ဂုဏ်ယူပါကြောင်း”ပြောကြားခဲ့ပြီး ဟင်္သာတခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ခန်းမအတွင်း အခြေခံပညာ ကျောင်းများ၏ ကလေးစာပေပွဲတော်(Theme Song) နှင့် တေးသရုပ်ဖော်ဖျော်ဖြေ တင်ဆက်မှုများကို ကြည့်ရှုအားပေးပြီးနောက် ကလေးစာပေပွဲတော် (အထက)လေးမျက်နှာရှိ ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများပြခန်း၊ ထူးချွန်ထင်ရှား လေးမျက်နှာသားများ ပြခန်း၊ မြို့နယ်အဆင့် အခြေခံပညာ ပညာရေးလုပ်သားများ သမဂ္ဂကျောင်းစာကြည့်တိုက်ပြခန်း၊ မြို့နယ် ရဲတပ်ဖွဲ့ ပြခန်း၊ မြို့နယ်မီးသတ်တပ်ဖွဲ့ပြခန်းများနှင့် စာပေဟောပြောပွဲနှင့်စာပေဆွေးနွေးပွဲ၊ ကလေးစာဖတ်ခန်း၊ ပုံပြော၊ ကဗျာရွတ်၊ ကျပန်းစကားပြောပြိုင်ပွဲ၊ အရုပ်ဆက်၊ ပန်းချီဆွဲ၊ ဆေးရောင်ခြယ်၊ စက္ကူခေါက်၊ အားကစားပြိုင်ပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် ကျင်းပနေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။
တိုင်းဒေသကြီးအတွင်း၌ အဌမအကြိမ်မြောက်ကျင်းပသည့် ကလေးစာပေပွဲတော်(လေးမျက်နှာ)ကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှု၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန ဟင်္သာတခရိုင် နှင့် လေးမျက်နှာမြို့နယ် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်း၍ ဒီဇင်ဘာလ ၂ ရက်နေ့နှင့် ၃ ရက်နေ့များတွင် နေ့စဉ် နံနက် ၉ နာရီ မှ ညနေ ၅ နာရီအချိန်ထိ နှစ်ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်းအင်အား (၃၀ဝ၀)ကျော်တို့ စည်ကားသိုက်မြိုက်စွာ တက်ရောက်ပါဝင် ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
သတင်းဓာတ်ပုံ - ကျော်ကျော်၊ ရွှေမိုး၊ မန်းကျော်၊ စိုးမင်းဦး