မြောင်းမြ   ၁၆    မေ  

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယာယီပိတ်သိမ်းထားသည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မော်တော်ယာဉ်လိုင်းများအား မေ ၁၆  ရက်မှစ၍ ပြန်လည်ပြေးဆွဲခွင့် ပြုလိုက်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက မေ ၁၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သဖြင့် မြောင်းမြ- ပုသိမ်၊ မြောင်းမြ-အိမ်မဲ၊ မြောင်းမြ-ဝါးခယ်မ၊ မြောင်းမြ-လပွတ္တာ စသည့် မော်တော်ယာဉ်လိုင်းများ ယနေ့ မေ ၁၆ ရက်နေ့မှစ၍ ပြန်လည် ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။

 

"ကျွန်တော်တို့ယာဉ်တွေကို ကိုဗစ်ရောဂါကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖြန်းခြင်း၊ ခရီးသည်တွေနဲ့ ယာဉ်မောင်းတွေကို လက်သန့်ဆေးရည်အသုံးပြုဖို့၊ နှာခေါင်းစည်း Mask တွေ တပ်ဆင်ဖို့စတဲ့ ကျန်းမာရေးဝန်ကြီးဌာန လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်ထားပါတယ်"ဟု မြောင်းမြ-ပုသိမ်" အောင်နိုင်သူ "ယာဉ်ငယ်လိုင်းမှ ဂိတ်မှူး ကိုစိုးအောင် ကပြောကြားသည်။

 

ယာဉ်များ ပြန်လည်ပြေးဆွဲခွင့်ပြုသဖြင့် ကုန်စည်စီးဆင်းမှုနှင့် ခရီးသွားပြည်သူများ အဆင်ပြေလျက် ရှိကြောင်းလည်း သိရသည်။

 

မြောင်းမြ-ပုသိမ် မော်တော်ယာဉ်လိုင်းတွင် ယာဉ်ငယ်ဂိတ် (၆)လိုင်း ပြေးဆွဲလျက်ရှိပြီး  တိုင်းအတွင်း ပြေးဆွဲသည့် ယာဉ်လိုင်းများကို ပြန်လည်ပြေးဆွဲခွင့် ပြုသော်လည်း အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ဆက်သွယ်ပြေးဆွဲသော အဝေးပြေးယာဉ်လိုင်းများ ပြေးဆွဲခွင့်အား ဆက်လက် ပိတ်သိမ်းထားဆဲ ဖြစ်ကာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု အခြေအနေအပေါ်မူတည်၍ ပြန်လည် ပြေးဆွဲခွင့် ကိစ္စများကို ဆက်လက် ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း သိရသည်။

သင်းရနံ့ (ခရိုင်ပြန်ဆက်)