ပုသိမ်   ၂၈   မေ
ဧရာဝတီတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ (၁၂/၂၀၂၀) ညှိနှိုင်းအစည်းအဝေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁) ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

အစည်းအဝေးတွင် ဝန်ကြီးချုပ် ဦးလှမိုးအောင်က “Quarantine Center ထားရှိသည့် ကျောင်းများအား ပြန်လည်မဖွင့်လှစ်မီ အနည်းဆုံး(၂)ကြိမ် ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ရေး၊ ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများအား Quarantine Center  ဝင်ရောက်လာသည့်အခါ နေထိုင်စားသောက်ရေး ကိစ္စများအား အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ရေး၊ ကိုဗစ်-၁၉ လုပ်ငန်းစဉ်များတွင် ပါဝင်လုပ်ဆောင်နေကြသော လူမှုရေးအသင်းအဖွဲ့များအား ၎င်းတို့၏ လိုအပ်ချက်များအား သက်ဆိုင်ရာ တိုင်း၊ ခရိုင်၊ မြို့နယ်ရှိ ကိုဗစ်-၁၉ ကော်မတီများက အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးရေး၊ ဖွင့်လှစ်ပြီးသည့်ဈေးများ၊ စားသောက်ဆိုင်များ၊ တည်းခိုခန်းများအား သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းနှင့်အညီလိုက်နာရေး သက်ဆိုင်ရာ ဌာနဆိုင်ရာနှင့် အဖွဲ့အစည်းများက မပြတ်ကြီးကြပ်ဆောင်ရွက်သွားရေး၊ ဖြေလျော့ရန်ရှိသည့် လုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ အတတ်နိုင်ဆုံး ဖြေလျော့နိုင်ရေးအတွက် ဆောင်ရွက်သင့်သည်များ ဆောင်ရွက်သွားရေး စသည်ဖြင့် အမှာစကားပြောကြားသည်။

ထို့နောက် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်က ယခင်အစည်းအဝေးမှ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်နိုင်မှုအခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည်များကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများနှင့် ခရိုင်အုပ်ချုပ်ရေးမှူးများက ကျောင်းများဖွင့်လှစ်နိုင်ရေး စီစဉ်ထားရှိမှု၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များ တပ်ဆင်ရေး လိုက်နာဆောင်ရွက်မှု အခြေအနေများနှင့် အသွားအလာ ကန့်သတ်စောင့်ကြည့်မည့်နေရာ (Facility Quarantine) များ စီစဉ်ထားရှိမှု စသည်တို့ကို ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ငွေကျပ် (၅) သိန်းတန်ဖိုးရှိ MPT ၁၀ဝ၀ ကျပ်တန် ငွေဖြည့်ကတ်များကို တိုင်းဒေသကြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဒေါ်ဆွေမာက ပေးအပ်လှူဒါန်းရာ ဝန်ကြီးချုပ် ဦးလှမိုးအောင်က လက်ခံရယူခဲ့ကြောင်း သိရသည်။

ကိုတွတ် (တိုင်းပြန်/ဆက်)