ပြင်စလူ ၁၉ ဧပြီ
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် ပြင်စလူမြို့တွင် ဒေသန္တရ အမိန့်အမှတ် (၁/၂၀၂၀) ကို ယမန့်နေ့ မွန်းလွဲ(၁)နာရီနှင့် ည (၈) နာရီတို့တွင် မြို့အတွင်းသို့ လှည့်လည်၍ကြေညာခဲ့ကြောင်း သိရသည်။
လတ်တလောတွင် ဖြစ်ပွားလျှက်ရှိသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ ကိုဗစ်-၁၉ ရောဂါ မြို့နယ်အတွင်း ကူးစက်ခံရမှုမရှိစေရေးနှင့် အချိန်မီ ထိန်းသိမ်းနိုင်ရေးအတွက် အများပြည်သူ အကျိုးငှာ ဌာနဆိုင်ရာ တာဝန်ဖြင့်သွားရောက်သူများ ၊ ကျန်းမာရေးကိစ္စဆောင်ရွက်သူများ ၊ နားရေး ကိစ္စ ဆောင်ရွက်သူများမှအပ မည်သူမဆို ည (၁၀) နာရီ အချိန်မှ နောက်တစ်နေ့ နံနက် (၄) နာရီအချိန်အတွင်း အပြင်မထွက်ကြရန် ဒေသန္တရအမိန့် ထုတ်ပြန်ထားကြောင်း သိရသည်။

ဤအမိန့်ကို လိုက်နာခြင်းမရှိက တည်ဆဲ ဥပဒေများအညီ ထိရောက်စွာ အရေးယူခံရမည် ဖြစ်ကြောင်း နှင့် ဤအမိန့်ထုတ်ပြန်သည့်နေ့မှ စ၍ နောက်ထပ် အမိန့်တစ်စုံတစ်ရာ မထုတ်ပြန်မချင်း အတည် ဖြစ်ကြောင်း စသည့်အကြောင်းအရာများပါရှိကြောင်း သိရသည်။
ထို့နောက် ပြင်စလူမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် မြို့ပေါ်ရှိ ဌာနဆိုင်ရာ အဖွဲ့အစည်းများစုပေါင်း၍ မြို့ပေါ်ရပ်ကွက်များအတွင်း ညမထွက်ရ အမိန့်ထုတ်ပြန်ထားမှုကို အများပြည်သူ လိုက်နာမှုရှိ/မရှိ လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်း (ပြင်စလူ ပြန်/ဆက်)