နေပြည်တော် ဧပြီ ၉

 

စွမ်းအင်ဝန်ကြီးဌာနသည် နိုင်ငံတော်၏ စွမ်းအင်လုံခြုံရေး၊ နိုင်ငံတော်၏ စီးပွားရေးကဏ္ဍတွင် စွမ်းအင်အသုံးပြုခြင်းအား အကျိုးရှိထိရောက်စွာ စီမံခန့်ခွဲနိုင်ရေး၊ စွမ်းအင်ဆိုင်ရာအခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာစေရေး ရေတို/ရေရှည်အစီအမံများ ချမှတ်ပြီး ဆောင်ရွက်လျက်ရှိရာ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် မအူပင်(တောင်) ရေနံနှင့်သဘာဝဓာတ်ငွေ့မြေသို့ သွားရောက်ကြည့်ရှု အားပေးသည်။

 

ရှင်းလင်းတင်ပြ

ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့ သည် မအူပင်(တောင်)ရေနံနှင့် သဘာဝဓာတ်ငွေ့မြေရှိ တွင်းအမှတ် ၁၆၊ ၁၈၊ ၂၀ တို့သို့ သွားရောက်ကြည့်ရှုအားပေးရာ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးက ရေနံတွင်းများမှ အလွှာလိုက်ဖြစ်နေသော သဘာဝဓာတ်ငွေ့ ခိုအောင်းနေသည့် သဲကြောများအား သုတေသနပြု ဆန်းစစ်ပြီးဖောက်ယူခဲ့ရာ လေဆီနှင့် သဘာဝဓာတ်ငွေ့များ တိုးတက်ထွက်ရှိလာမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြသည်။

 

တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ပြည်တွင်းရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့မြေများမှ ရေနံနှင့် သဘာဝဓာတ်ငွေ့များ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး ခေတ်မီနည်းပညာများ အသုံးပြုပြီး လုပ်ဆောင်ကြရန် လိုကြောင်း၊ ကုန်းတွင်းရေနံမြေများမှ ရေနံနှင့် သဘာဝဓာတ်ငွေ့တိုးတက် ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး မအူပင်(တောင်) ရေနံနှင့် သဘာဝဓာတ်ငွေ့မြေရှိ တွင်းအမှတ် ၁၈ မှ သဲကြောများအား ဖေဖော်ဝါရီ ၂၆ ရက်တွင် ဖောက်ယူရာမှ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ ၁ ဒသမ ၆ သန်းနှင့် လေဆီရှစ်စည်ကိုလည်းကောင်း၊ တွင်းအမှတ် ၂၀ ကို မတ် ၁၅ ရက်တွင် ဖောက်ယူရာမှ တစ်ရက်လျှင် သဘာဝ ဓာတ်ငွေ့ ကုဗပေ ၁ ဒသမ ၅ သန်းနှင့် လေဆီခုနစ်စည်ကို လည်းကောင်း၊ တွင်းအမှတ် ၁၆ ကို ဧပြီ ၃ ရက်တွင် ဖောက်ယူရာမှ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ ၁ ဒသမ ၆ သန်းနှင့် လေဆီရှစ်စည်ကို လည်းကောင်း တိုးတက်ထုတ်လုပ်နိုင်ခဲ့သည့်အတွက် ပါဝင်ဆောင်ရွက်ပေးခဲ့ကြသည့် သက်ဆိုင်ရာ ဝန်ထမ်းများအား ကျေးဇူးတင်ဂုဏ်ပြုကြောင်း ပြောကြားသည်။

 

ဆက်လက်၍ မြန်မာနိုင်ငံအတွင်းရှိ ရေနံနှင့်သဘာဝ ဓာတ်ငွေ့များ ထုတ်ယူရရှိနေသည့် ကုန်းတွင်း ရေနံမြေများအနက် မအူပင်(တောင်)ဒေသမှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့များသည် C3 (ပရိုပိန်း)၊ C4 (ဗျူတိန်း) ပါဝင်မှုများပြားရာ မီးဖိုချောင်သုံးရေနံဓာတ်ငွေ့ရည်(LPG) နှင့် Naphtha ဓာတ်ဆီတို့ကို ပထမအဆင့်အနေဖြင့် ထုတ်ယူနိုင်ကြောင်း၊ မီးဖိုချောင်သုံးရေနံ ဓာတ်ငွေ့ရည်(LPG) နှင့် Naphtha ဓာတ်ဆီ ထုတ်ယူထားပြီးသော ဓာတ်ငွေ့များကို ဒုတိယအဆင့်အနေဖြင့် ဓာတ်မြေဩဇာစက်ရုံများ၊ စက်ရုံအလုပ်ရုံများနှင့် မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ အရောင်းဆိုင်များသို့ ဆက်လက် ဖြန့်ဖြူးပေးနိုင်သည့်အတွက် လွန်စွာတန်ဖိုးရှိသော သဘာဝဓာတ်ငွေ့ဖြစ်ကြောင်း ပြောကြားပြီး ဂုဏ်ပြုဆုငွေနှင့် လက်ဆောင်ပစ္စည်းများကို ပေးအပ်သည်။

 

လက်ရှိ တိုးတက်ထွက်ရှိလာသည့် သဘာဝဓာတ်ငွေ့များသည် မြန်မာပြည်အောက်ပိုင်း ဒေသရှိ သဘာဝဓာတ်ငွေ့သုံးစွဲမှု ကဏ္ဍတွင် များစွာအထောက်အကူပြုမည်ဖြစ်ပြီး ရန်ကုန်မြို့ရှိ သဘာဝ ဓာတ်ငွေ့သုံးမော်တော်ယာဉ်များအတွက် သဘာဝဓာတ်ငွေ့များကို ပိုမိုဖြန့်ဖြူးပေးနိုင်မည်ဖြစ်ရာ လတ်တလော ဖြစ်ပေါ်နေသည့် စက်သုံးဆီ အကျပ်အတည်းကို အထိုက်အလျောက် လျော့နည်း သက်သာစေမည်ဖြစ်ပြီး ကုန်းတွင်းရေနံမြေအသစ် ထပ်မံရှာဖွေမှု အနေဖြင့် ဆိုက်စမစ်တိုင်းတာမှုများ ဆောင်ရွက်လျက်ရှိပြီး အစမ်းတွင်းများ တူးဖော်နိုင်ရေးကိုလည်း စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်