နေပြည်တော်၊ ဇူလိုင်  ၂၂
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ရေတိုက်စား ကမ်းပြိုမှုဖြစ်ပေါ်ခဲ့သည့် နေရာ ၂ နေရာကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အရေးပေါ်ကမ်းပြိုမှု ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။
ဧရာဝတီမြစ်ရေ တိုးလာပြီး ဝဲလှည့်မှုနှင့် ရေစီးအားပွတ်တိုက်မှုကြောင့် မြန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံး အထက်ဘက် မကျီးစုတာမိုင် ၆/၃ နှင့် ၆/၄ အကြား လွန်ဆေးမြိုင် ပန်းခြံအနီးတွင် အလျား ၁၅ ပေ၊ အနံ ၃ ပေခန့်နှင့် အဆိုပါနေရာ၏ အထက်ဘက်တွင် အလျားပေ ၁၂၀၊ အနံ  ၅ ပေခန့်သည် ကမ်းပါးအပေါ်ပိုင်းများ ပဲ့ကျမှုဖြစ်ပွားခဲ့ရာ အဆိုပါ ကမ်းပြိုမှုဖြစ်ပွားခဲ့သည့် နေရာ ၂ နေရာတွင် ကမ်းပါးများကို Geotextile များဖြင့် ကာကွယ်ခြင်း၊ သစ်ကိုင်းများချထားခြင်း၊ ရေတောင်ဝှေးများချထားခြင်း နှင့် ဝါးဖောင်များချထားခြင်းတို့ကို ဒေသဆိုင်ရာ အာဏာပိုင်များ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိသည်။ 
ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ယခုနှစ် မိုးရာသီ ကာလတွင် ရေတိုက်စားကမ်းပြိုမှုများနှင့် ပတ်သက်၍ စောင့်ကြည့်ပြီး လိုအပ်သည်များ အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိသည်။
သတင်းစဉ်