ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်အတွင်း အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်လျက်ရှိသည့် အကြမ်းဖက်သမားများနှင့် ဆက်သွယ်ချိတ်ဆက် ပူးပေါင်းပါဝင်သောတရားခံများကို ဖမ်းဆီးရမိ

 

 

နေပြည်တော် ဩဂုတ် ၁၅

 

ဧရာဝတီတိုင်းဒေသကြီးအတွင်း အကြမ်းဖက်ဖောက်ခွဲ ဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများအား ဒလန်ဟုစွပ်စွဲ၍ အကြမ်းဖက်သတ်ဖြတ်ခြင်းတို့ကို ဆောင်ရွက်နိုင်မှုမရှိစေရေး ဖော်ထုတ်ဖမ်းဆီးခြင်းများ ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်မှုအား မလိုလားသော ပြည်သူများ၏ သတင်းပေး ပူးပေါင်းဆောင်ရွက်မှုများကြောင့် ၂၀၂၂ ခုနှစ် ဩဂုတ် ၁၃ ရက် မွန်းလွဲပိုင်းတွင် လုံခြုံရေးပူးပေါင်းအဖွဲ့မှ မြန်အောင်မြို့နယ်အတွင်း အပြစ်မဲ့ ပြည်သူများအား ဒလန်ဟုစွပ်စွဲ၍ အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်ရာတွင် ပါဝင်ပတ်သက်သည့် တရားခံများဖြစ်သော ဝေပိုင်ဖြိုး (၃၃ နှစ်) နှင့် ၎င်း၏ ဇနီးဖြစ်သူ စံပယ်အောင်အောင် (၃၄ နှစ်) တို့ နှစ်ဦးကို မြန်အောင်မြို့နယ်အင်ပင်မြို့ ကညင်ငူကျေးရွာရှိ ၎င်းတို့၏နေအိမ်၌ ဖမ်းဆီးရမိခဲ့သည်။

 

ပုဂ္ဂိုလ်ရေးအရရန်ငြိုးထား

 

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ တရားခံဝေပိုင်ဖြိုးသည် ၂၀၂၁ ခုနှစ် ဇွန်လတွင် မြန်အောင်မြို့ပေါ်၌ ဆူပူဆန္ဒပြမှုများတွင် ပါဝင်ခဲ့သဖြင့် ဟင်္သာတအကျဉ်းထောင်၌ ထောင်ဒဏ်လေးလ ပြစ်ဒဏ်ကျခံခဲ့ရပြီး နိုင်ငံတော် အစိုးရ၏ ပြစ်ဒဏ်ဖြေလျှော့ပေးမှုများဖြင့် နိုဝင်ဘာလတွင် ပြန်လည်လွတ်မြောက်လာသူဖြစ်ကြောင်း၊ အဆိုပါ ပြစ်ဒဏ်ကျခံခဲ့ရမှုမှာ၎င်းနှင့် တစ်ရွာတည်းနေထိုင်သည့် ပြည်ခိုင်ဖြိုးပါတီဝန်းရံသူ ဒေါ်သန္တာစိုးက တိုင်ကြားခဲ့ခြင်းကြောင့်ဟု ယူဆကာ ပုဂ္ဂိုလ်ရေးအရ တစ်ဖက်သတ် ရန်ငြိုးထားခဲ့ကြောင်း၊ သို့ဖြစ်၍ ထောင်မှပြန်လည်လွတ်မြောက်လာချိန်တွင် ရိုးမဧရာအမည်ခံ အကြမ်းဖက်အဖွဲ့မှ ဖမ်းဆီးရန်ကျန် တရားခံဇင်မျိုးအောင် (ခ) ဇော်မျိုးအောင် (ခ) သားပေါက်နှင့် ဆက်သွယ်ချိတ်ဆက်ကာ အပြစ်မဲ့ပြည်သူ ပြည်ခိုင်ဖြိုးပါတီဝန်းရံသူ ဒေါ်သန္တာစိုး အပါအဝင် ပုဂ္ဂိုလ်ရေးအရ မကျေနပ်သူခြောက်ဦး၏ အမည်စာရင်းအားပေး၍ ဒလန်ဟုစွပ်စွဲ ကာ လုပ်ကြံသတ်ဖြတ်ရန် သတင်းပေးခိုင်းစေခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်း၏ဇနီး ဖြစ်သူ စံပယ်အောင်အောင်သည် မြန်အောင်မြို့နယ် အခြေခံပညာ မူလတန်းကျောင်း (ဗလန်းစိန်) ၌ တာဝန်ထမ်းဆောင်လျက်ရှိရာမှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် CDM ပြုလုပ် ကာ မြန်အောင်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေထိုင်ကာ ခင်ပွန်းဖြစ်သူနှင့်အတူ ပုဂ္ဂိုလ်ရေးအရ မကျေနပ်သူများကို လုပ်ကြံသတ်ဖြတ်ရန် အကြမ်းဖက်သမားများထံ သတင်းပေးပို့ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

 

အပြစ်မဲ့ပြည်သူများအားဒလန်ဟုစွပ်စွဲ

 

ဖမ်းဆီးရမိတရားခံ ဝေပိုင်ဖြိုး၏ ထွက်ဆိုချက်အရ မြန်အောင်မြို့နယ်အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန် ဖမ်းဆီးရန် ကျန်တရားခံ အေးမင်းအောင်နှင့် ကျော်သူတို့က ရိုးမ ဧရာအမည်ခံ အကြမ်းဖက်အဖွဲ့မှ ဇင်မျိုးအောင် (ခ) ဇော်မျိုးအောင် (ခ) သားပေါက်ကို ငွေကြေးနှင့် လိုအပ်သော အထောက်အပံ့များ ပေးအပ်ကာ အကြမ်းဖက်မှုလုပ်ငန်းများ ကျူးလွန်စေသကဲ့သို့ တရားခံဝေပိုင်ဖြိုးကလည်း မြန်အောင်မြို့နယ်အတွင်းရှိ အစိုးရ ဌာနဆိုင်ရာများနှင့် ဆက်ဆံရေး အဆင်ပြေသော အပြစ်မဲ့ပြည်သူများအား ဒလန်ဟုစွပ်စွဲပြီး လုပ်ကြံသတ်ဖြတ်ရန်အတွက် ရိုးမဧရာအမည်ခံ အကြမ်းဖက် အဖွဲ့မှ ဇင်မျိုးအောင် (ခ) ဇော်မျိုးအောင် (ခ) သားပေါက်အား Wave Money မှတစ်ဆင့် ငွေကျပ်သုံးသိန်းလွှဲပြောင်း ပေးအပ်ကာ လုပ်ကြံသတ်ဖြတ်မှုများနှင့် အကြမ်းဖက်လုပ်ငန်းများ ကျူးလွန်စေခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်-

 

  • ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၉ ရက်တွင် မြန်အောင်မြို့နယ်၊ ကနောင်နယ်မြေ ရဲစခန်းရှေ့၌ ဇင်မျိုးအောင် (ခ) ဇော်မျိုးအောင် (ခ) သားပေါက်နှင့် အဇ္ဇတို့နှစ်ဦးသည် လက်လုပ်မိုင်း တစ်လုံးအားဖောက်ခွဲခဲ့ပြီး ရဲတပ်ဖွဲ့ဝင် တစ်ဦးအား ပစ္စတိုဖြင့် ပစ်ခတ်ခဲ့ကြောင်း။

 

  • ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၆ ရက်တွင် မြန်အောင်မြို့နယ်၊ ကညင်ငူကျေးရွာရှိ ပြည်ခိုင်ဖြိုးပါတီဝန်းရံသူ ဒေါ်သန္တာစိုးအား ၎င်းအားထောင်ကျစေရန် ပြုလုပ်သူ ဟု စွပ်စွဲကာ ဇင်မျိုးအောင် (ခ) ဇော်မျိုး အောင် (ခ) သားပေါက်နှင့် ငြိမ်းခန့်လင်း (ခ) တရုတ် ကြီးတို့နှစ်ဦးက ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံ သတ်ဖြတ်ခဲ့ကြောင်း။

 

သက်ဆိုင်ရာသို့ သတင်းပေးတိုင်ကြား

 

သို့ဖြစ်ပါ၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပြီး အကြမ်းဖက်မှုဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်း ကာကွယ်တိုက်ဖျက်ကြရန်နှင့် ပြစ်မှု ကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများ၊ နောက်ကွယ်မှ ထောက်ပံ့ပေးလျက်ရှိသော ဆက်စပ်တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာ နေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါကသက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာလျှို့ဝှက်၍ ဆုငွေများချီးမြှင့်ပေးလျက်ရှိကြောင်းနှင့် မြို့ရွာများအမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက် နိုင်ပါရန် မေတ္တာရပ်ခံထားကြောင်း သိရသည်။

 

သတင်းစဉ်