နေပြည်တော် စက်တင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် သစ်ပုတ်ကုန်းကျေးရွာအုပ်စုတွင် အားကစားနှင့် ကာယပညာသိပ္ပံနှင့် ကန်သုံးဆင့် အဆင့်မြင့်ရေကူးကန် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အားကစားနှင့်ကာယပညာ သိပ္ပံတည်ဆောက်မည့် မြေနေရာ ဧက(၅၀)နှင့် ကန်သုံးဆင့် အဆင့်မြင့်ရေကူးကန် တည်ဆောက်မည့် မြေနေရာသို့ အာကစားနှင့် လူငယ်ရေး ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် အောင်အောင်၊ တာဝန်ရှိ သူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်မြို့ ကိုးသိန်းအားကစားပြိုင်ကွင်းရှိ ဘောလုံးအားကစားကွင်း အရှေ့ဘက်ပေ(၁၂၀x၂၀) (၂)ထပ်ပွဲကြည့်စင် တည်ဆောက်နေမှု၊ အိပ်ဆောင်တည်ဆောက်မည့်မြေနေရာနှင့် မိုးလုံလေလုံ(ပြည်သူ့အားကစားရုံ)တို့ကို လိုက်လံ ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ဝန်ကြီးချုပ်နှင့်တွေ့ဆုံ၍ အားကစားလောကဖွံ့ဖြိုးတိုးတက်စေရေး၊ မျိုးဆက်သစ်အားကစား သမားများပေါ်ထွက်လာစေရေးတို့အတွက် ဆွေနွေးကြပြီး အားကစားအထောက် အကူပြုပစ္စည်း များပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အဖွဲ့ဝင်များနှင့်အတူ ကျောက်တိုင်ဘောလုံးအားကစား ကွင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး Ayeyawaddy United FC မှ ဘောလုံးအားကစား သမားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တိုင်းဒေသကြီးအတွင်းရှိ အားကစားနှင့် ကာယပညာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံပြီး အဖွဲ့အစည်းဖြင့် လုပ်ဆောင် ရသည့် လုပ်ငန်းဖြစ်သည့်အတွက် စည်းလုံးညီညွတ်မှုရှိရန်နှင့် မိသားစုစိတ်ဓာတ်ထားရှိပြီး တစ်ဦးနှင့်တစ်ဦး အထက်အောက် အပြန်အလှန် ကူညီဖေးမဆောင်ရွက်လုပ်ကိုင်ကြရန်လို ကြောင်း၊ အခက်အခဲများနှင့် အခြားလိုအပ်သည်များရှိပါက တာဝန်ရှိသူများမှတစ်ဆင့် အချိန် မရွေးတင်ပြနိုင်ကြောင်း မိမိအနေဖြင့် အတတ်နိုင်ဆုံးကူညီဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြောင်းမြမြို့နယ် မြို့မအားကစားကွင်း၊ နောင်ရိုးအားကစားခန်းမ(၂)နှင့် မြဧရာရေကူးကန်တို့ကိုလည်းကောင်း၊ အိမ်မဲမြို့နယ် ရွှေလင်း ယုန် အားကစားခန်းမနှင့် ဘောလုံးအားကစားကွင်း၊ သာပေါင်းမြို့နယ် ဘောလုံးအားကစားကွင်း တို့ကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး အားကစားကွင်း၊ အားကစားရုံများ ရေရှည် တည်တံ့စေရေးအတွက် စနစ်တကျထိန်းသိမ်းပြုပြင်ဆောင်ရွက်သွားရန်၊ သာပေါင်းမြို့ နယ်ဘောလုံးကွင်းတွင် ပွဲကြည့်စင်အသစ်တစ်ခု ထပ်မံဆောက်လုပ်ပေးသွားရန် တာဝန်ရှိသူ များကို မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)