ပုသိမ် ၇ ဇွန်
ဧရာဝတီတိုင်းဒေသကြီးအတွင်း သမဝါယမအသင်းသားများမှ စိုက်ပျိုးထုတ်လုပ်ထားသော သီးနှံများ ဈေးကွက်ရရှိစေရန်နှင့် ပြည်သူများဝယ်ယူစားသုံးရာတွင် အဆင်ပြေစေရန် ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်မှ ဟင်းသီးဟင်းရွက်၊ သီးနှံများနှင့် မီးဖိုချောင်သုံး ပစ္စည်းများကို ပုသိမ်မြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများထံသို့ ဇွန် ၆ ရက်နေ့နံနက်ပိုင်းမှ စတင်၍ မော်တော်ယာဉ်ဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိသည်။
ဒေသထွက်ကုန်များ ပုံမှန်ကုန်စည် စီးဆင်းရေးအတွက် သမဝါယမအနေဖြင့် တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ကာလအတွင်းပြည်သူများ၏ အခြေခံစားကုန် လိုအပ်ချက်များကို အရည်အသွေးမှန်၊ ဈေးနှုန်းမှန်ကန်စွာဖြင့် အိမ်တိုင်ရာရောက် ရောင်းချပေးခြင်း ဖြစ်ကြောင်း၊ ယခုကာလအတွင်း လူစုလူဝေးလျှော့ချခြင်းအတွက် တစ်ဖက်တစ်လမ်းမှ ကူညီခြင်း ဖြစ်ကြောင်း၊ သမဝါယမမူအတိုင်း အမြတ်အစွန်းကို အဓိကမထားဘဲ ဈေးနှုန်းမှန်ကန်စွာ ရောင်းချပေး မည်ဖြစ်ကြောင်း၊ သန့်ရှင်းလတ်ဆတ်သော စားသောက်ကုန်များကိုသာ ရောင်းချပေးသွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ် ဥက္ကဋ္ဌ ဦးစောအင်ဒရူးပန်း၏ ပြောဆိုချက်အရ သိရှိရသည်။
MDN


