ဟင်္သာတ စက်တင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ဒေါ်မိုးမိုးအေးသည် တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဒေါ်ထွေးထွေး၊ ဟင်္သာတခရိုင်တရားသူကြီး ဒေါ်အေးအေးခိုင်တို့နှင့်အတူ ယနေ့နံနက်ပိုင်းက ဟင်္သာတအကျဉ်းထောင်အား ကြည့်ရှုစစ်ဆေးရာ အကျဉ်းထောင် တာဝန်ခံအရာရှိက အကျဉ်းထောင်အတွင်း အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးနှင့် တာဝန်ရှိသူများသည် အကျဉ်းထောင်အတွင်း အကျဉ်းသား၊ အကျဉ်းသူ၊ အချုပ်သား၊ အချုပ်သူများ နေထိုင်သည့် အဆောင်များ၊ စားဖိုးဆောင်၊ ဆေးပေးခန်းတို့ကို လှည့်လည်ကြည့်ရှုကာ ၎င်းတို့၏ ဥပဒေပါ အခွင့်အရေးများ ရရှိခြင်း ရှိ/မရှိ၊ နေရာထိုင်ခင်း သက်သာချောင်ချိမှု ရှိ/မရှိ၊ စားသောက်ရာတွင် အစာအဟာရ သင့်တင့်မျှတမှု ရှိ/မရှိနှင့် ကျန်းမာရေးစောင့်ရှောက်မှု ရ/မရ အခြေအနေများကို ကြည့်ရှုစစ်ဆေးမေးမြန်းခဲ့ပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် အကျဉ်းထောင် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။
ဟင်္သာတခရိုင် (ပြန်/ဆက်)