ဖျာပုံ၊ ၃၁ မေ
ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ဒေါ်မိုးမိုးအေးသည် ဖျာပုံခရိုင် တရားသူကြီး ဒေါ်သူဇာအေး၊ မြို့နယ်တရားသူကြီး ဒေါ်မွန်ရည်အေး၊ ဖျာပုံခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူကြီး အောင်ဝင်းတို့နှင့်အတူ မေ ၃၁ ရက် နံနက် ၈ နာရီက ဖျာပုံအကျဉ်းထောင်နှင့် ဖျာပုံမြို့မရဲစခန်းတို့အား သွားရောက်စစ်ဆေးခဲ့သည်။
ရှေးဦးစွာ ဖျာပုံခရိုင်အကျဉ်းဦးစီးဌာနမှ ဖျာပုံအကျဉ်းထောင်မှူး ဦးဘိုဌေးက အကျဉ်းထောင်အတွင်း ပြစ်ဒဏ်ကျခံနေရသူများ၊ အချုပ်ကျနေသူများ၏ ကျန်းမာရေး၊ နေထိုင်စားသောက်မှု၊ သောက်သုံးရေရရှိမှု အခြေအနေတို့အား ရှင်းလင်းတင်ပြသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးနှင့်အဖွဲ့သည် အကျဉ်းထောင်အတွင်း အကျဉ်းကျခံနေရသူ၊ အချုပ်ကျနေသူများ၊ နေထိုင်သည့်အဆောင်များ၊ ဆေးပေးခန်း၊ စားဖိုဆောင်များကို လှည့်လည်ကြည့်ရှုစစ်ဆေးခြင်း၊ အကျဉ်းကျနေသူ၊ အချုပ်ကျနေသူများကိုလည်း နေရာထိုင်ခင်း သက်တောင့်သက်သာ ရှိ/မရှိ၊ ကျန်းမာရေးမကောင်းပါက ဆေးကုသခွင့်ရ/မရ၊ ညှဉ်းပန်းနှိပ်စက်ခံရမှုရှိ/မရှိ၊ အစားအသောက် အာဟာရစားသုံးရမှုအခြေအနေ၊ ဉပဒေနှင့်အညီ ရသင့်ရထိုက်သည့် အခွင့်အရေးများ ရ/မရ စသည့် ကိစ္စများနှင့်ပတ်သက်၍ မေးမြန်းခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အလားသူ ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးနှင့် အဖွဲ့သည် ဖျာပုံမြို့မ ရဲစခန်းနှင့် ဖျာပုံခရိုင်အတွင်းရှိ ဘိုကလေးမြို့မရဲစခန်းသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်


