ပုသိမ် ဒီဇင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယနေ့ နံနက် ၉ နာရီက အမှတ်(၅) ဓာတ်မြေဩဇာစက်ရုံ(ကန်ကြီးထောင့်)သို့ ရောက်ရှိကာ စက်ရုံအတွင်း လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဓာတ်မြေဩဇာများအား သက်ဆိုင်ရာသို့ တင်ပို့ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုခဲ့သည်။
ထို့နောက် စက်ရုံရှင်းလင်းဆောင်၌ စက်ရုံမှူးနှင့် ဝန်ထမ်းများအားတွေ့ဆုံရာ စက်ရုံမှူး ဦးသက်မင်းထွန်းက စက်ရုံလည်ပတ်မှု ကိစ္စရပ်များ၊ ကျန်းမာရေး၊ လုံခြုံရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ဝန်ထမ်းအိမ်ရာ တည်ဆောက်ထားရှိမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ ဝန်ကြီးချုပ်က မိမိတို့အစိုးရအနေဖြင့် စက်ရုံလည်ပတ်နိုင်ရေး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ တောင်သူများ ဓာတ်မြေဩဇာလိုအပ်ချိန်ဖြစ်၍ စက်ရုံမှဓာတ်မြေဩဇာများ သတ်မှတ်တန်ချိန်အတိုင်း ထုတ်လုပ်ပေးနိုင်ပါက တောင်သူများမှ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူသုံးစွဲနိုင်မည်ဖြစ်ပါကြောင်း၊ ကုန်ထုတ်လုပ်မှုများ အရှိန်အဟုန်မပျက် ဆောင်ရွက်ကြရန်နှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ဂရုပြုဆောင်ရွက်ကြရန်လိုကြောင်း၊ စက်ရုံတွင် အသုံးပြုသည် စက်ကိရိယာပစ္စည်းများ ကြံ့ခိုင်ရေးနှင့် ရေရှည်တည်တံ့ရေး ဆောင်ရွက်ကြရန်နှင့် စက်ရုံမှစွန့်ပစ်ပစ္စည်းများ ပတ်ဝန်းကျင်၌ ထိခိုက်မှုအနည်းဆုံးဖြစ်ရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် စက်ရုံလုံခြုံရေးများအတွက် ဂရုပြုဆောင်ရွက်ကြရန်နှင့် လုပ်ငန်းခွင်ရှိ ဝန်ထမ်းများ ကိုဗစ်-၁၉ ရောဂါစည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်သွားကြရန်လိုကြောင်း၊ စက်ရုံကောင်းမွန်စွာ လည်ပတ်နိုင်ရေး ကြိုးစားပေးကြသော ဝန်ထမ်းများအား ကျေးဇူးတင်ရှိပါကြောင်း မှာကြားခဲ့ပြီး စက်ရုံဝန်ထမ်းများအတွက် ခေါက်ဆွဲခြောက်၊ ကော်ဖီမစ်ထုပ်များ၊ ကြက်ဥနှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ပြီး စက်ရုံအတွင်း တည်ဆောက်ပြီးစီးသည့် စက်ရုံဝန်ထမ်းအိမ်ရာများကို လှည့်လည်ကြည့်ရှုခဲ့သည်။
အဆိုပါ စက်ရုံသည် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ကျွန်းလျားရှည်ကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာတွင် တည်ရှိပြီး ၂၀၁၁ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင် စတင်လည်ပတ်ခဲ့ကြောင်း၊ လက်ရှိ အမြဲတမ်းနှင့် နေ့စားဝန်ထမ်း (၃၈၇)ဦး အင်အားဖြင့် (၁၂)နာရီ အဆိုင်း(၃)ဆိုင်းဖြင့် အလှည့်ကျ နေ့စဉ်လုပ်ငန်းလည်ပတ်လျက်ရှိကြောင်း၊ စက်ရုံမှတစ်ရက်လျှင် ဓာတ်မြေဩဇာ (၃၃၀)တန်ထွက်ရှိကာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်အထိ (၄၁၇၃ ဒသမ ၅)တန် ဖြန့်ဖြူးပေးခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံတစ်ဝှမ်းရှိ ဓာတ်မြေဩဇာလိုအပ်သည့် ဒေသများရှိ တောင်သူများသို့ ဖြန့်ဖြူးပေးလျက်ရှိကြောင်း စက်ရုံမှူးထံမှ သိရှိရသည်။
ကိုတွတ်(ပြန်/ဆက်)


