ပုသိမ် ဒီဇင်ဘာ ၂၃

 

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ဒီဇင်ဘာ ၂၂ ရက် နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန  ညွှန်ကြားရေးမှုးချုပ်၊ ဌာနဆိုင်ရာများနှင့်အတူ ပုသိမ်မြို့၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးရုံးသစ် ဖွင့်လှစ်ခြင်းနှင့် ဝန်ထမ်းအိမ်ရာ ပြီးမြောက်ခြင်းတို့အတွက် ဖွင့်ပွဲသို့ တက်ရောက်ခဲ့သည်။ 

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်၍ ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးပြီး ရုံးသစ်အဆောက်အဦရှိ ရုံးခန်းဖွဲ့စည်းထားမှု၊ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ပြီးစီးမှုအားလှည့် လည်ကြည့်ရှုစစ်ဆေးခဲ့ကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပုသိမ်ပြည်သူ့ဆေးရုံကြီးရှိ သံဃာဆောင်အား ဒေါ်ကြည်ကြည် (စေတနာ ဓာတ်မြေဩဇာရောင်းဝယ်ရေး မိသားစု)၏ လှူဒါန်းမှုဖြင့် အဆောင်များ ပြင်ဆင်ဖွဲ့စည်းခြင်း၊ အဲကွန်းများတပ်ဆင်ခြင်း၊ ကြွေပြားကပ်ခြင်းနှင့် သန့်စင်ခန်းပြင်ဆင်ခြင်း စသည့် ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ပြီးစီး၍ ဖွင့်ပွဲအခမ်းအနားကျင်းပမှုအား တက်ရောက်အားပေးခဲ့ပြီး အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကာ သံဃာဆောင်အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။ အဆိုပါသံဃာဆောင်တွင် သံဃာတော် (၂၅)ပါးအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

ပုသိမ်ခရိုင်(ပြန်/ဆက်)