ရေကြည် မေ ၈

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးရာသီ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ ကြဲပက်ပွဲနှင့် မျိုးစေ့ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက ဆီဆုံကုန်းကျေးရွာအုပ်စု ကွင်းအမှတ် ၈၉၄/(က) တောင်သူ ဦးနိုင်ဝင်းဆွေ၏ စပါးစိုက်ကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်ခဲ့၍ တောင်သူ(၅၆)ဦးအား သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့များအား တစ်ဧကလျှင် (၄)ပြည်နှုန်းဖြင့် ဧက(၃၀၃)ဧကအတွက် ဝန်ကြီးချုပ်မှ တောင်သူများထံ ပေးအပ်ခဲ့ပြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာဆိုင်ရာများမှ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့များအား အဆိုပါကွင်းအတွင်း ကြဲပက်ခဲ့ကြသည်။

သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့များကို အသုံးပြုခြင်းဖြင့် လေမှ နိုက်ထရိုဂျင်ဓာတ်ကို စုပ်ယူပြီး အပင်ကြီးထွားဖြစ်ထွန်းမှုအတွက် အသုံးပြုနိုင်မည်ဖြစ်ကာ မြေဆီလွှာအား အဓိကအားဖြင့်   နိုက်ထရိုဂျင်ဓာတ်ကို ဖြည့်တင်းပေးခြင်းဖြစ်ကြောင်းနှင့် မြေဩဇာကုန်ကျစရိတ် သက်သာပြီး တောင်သူများ၏ အကျိုးစီးပွား တိုးတက်ဖြစ်ထွန်းမည်ဖြစ်ကြောင်း သိရသည်။

အောင်သူဟန်(ပြန်/ဆက်)