ပုသိမ် ၊  ၁၁   ဒီဇင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီး ကိုဗစ်-၁၉ အရေးထိန်းချုပ်ရေးနှင့် တုံန့်ပြန်ရေး ကော်မတီများနှင့်အတူ ယနေ့နံနက်က ပုသိမ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးအတွက် အရှိန်အဟုန်မြင့် ဆောင်ရွက်မည့် စစ်ဆေးရေးဂိတ်များသို့ လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

 

ထို့နောက် ပုသိမ်မြို့နယ်အတွင်း Stay at Home သတ်မှတ်ထားသည့် မြို့နယ်များအတွက် ဝန်ကြီးချုပ်ကငွေကျပ် ၃ သိန်း၊ စိုက်ပျိုးရေး၊ မွေးမြူးရေး၊ သံယံဇာတနှင့် ပတ်ဝန်ကျင် ထိန်းသိမ်းရေးဝန်ကြီးက ငွေကျပ် နှစ်သိန်း၊ DENKO Trading Co;Ltd နှင့် MAB ဘဏ်မှ ကျပ်သိန်း ၅၀၊ ရွှေပျားငံပြာရည်နှင့် ငရုတ်ဆီစက်ရုံမှ ငွေကျပ် ၁၅ သိန်း၊ ကျိုက်လတ်မြို့၊ ဖွံ့ဖြိုးအောင် ဆန်စက်၊ Ayeyarwaddy Development Co;Ltd ၊ ယမုံနာဦး ဟိုတယ်၊ ဇမ္ဗူထွန်းကုမ္ပဏီ၊ မုဒိတာကုမ္ပဏီမှ ငွေကျပ် ၁၀ သိန်းစီ စုစုပေါင်းသိန်း ၁၂၀ အား Stay at Home မြို့နယ် သုံးခုရှိ စစ်ဆေးရေးဂိတ်များ၏ အုပ်ချုပ်မှု စရိတ်အတွက် တာဝန်ရှိသူများအား ပေးအပ်လှူဒါန်းခဲ့သည်။

 

ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၂၅ ရက်နေ့တွင် Stay at Home မြို့နယ်အဖြစ် ပုသိမ်၊ မအူပင်နှင့် ဖျာပုံမြို့နယ်တို့အား သတ်မှတ်ခဲ့သော်လည်း အတည်ပြုလူနာ ပိုမိုတွေ့ရှိလာရခြင်း၊ ခရီးသွားရာဇဝင်မရှိဘဲ အတည်ပြုလူနာသစ်များ တွေ့ရှိလာရခြင်းတို့ကြောင့် တိုင်းဒေသကြီး အစိုးရအဖွဲ့သည် အဆိုပါမြို့နယ် သုံးခုအား အရှိန်အဟုန်ဖြင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရန် ဆုံးဖြတ်ခဲ့သည်။

 

ပုသိမ်မြို့တွင် စစ်ဆေးရေးဂိတ် ၁၅ ခု၊ ဖျာပုံနှင့် မအူပင်တွင် စစ်ဆေးရေးဂိတ် ၇ ခုစီ ထားရှိပြီး နံနက် ၇ နာရီမှည ၇ နာရီအထိ ပြည်သူများသွားလာမှုကို ဒီဇင်ဘာ ၁၁ ရက်နေ့မှစ၍ စစ်ဆေးဆောင်ရွက်သွားမည် ဖြစ်သည်။ စစ်ဆေးရေး ဂိတ်များတွင် အဖွဲ့ သုံးဖွဲ့ခွဲကာ တာဝန်ချထားပြီး မြို့နယ်စစ်ဆေးရေး အဖွဲ့များက Mobile Team နှစ်ဖွဲ့ဖြင့် လှည့်လည်စစ်ဆေးသွားမည်ဟုလည်း သိရသည်။

 

ပြည်သူများနေအိမ်ပြင်ပ ထွက်ခွာမည်ဆိုပါက နေအိမ်ပြင်ပ ထွက်ခွာခွင့်ကတ်၊ ဈေးဝယ်ခွင့်၊ ဌာနဆိုင်ရာဝန်ထမ်းများ ရုံးလုပ်ငန်းကိစ္စ သွားလာခွင့်၊ တာဝန်ကျ စစ်ဆေးရေးအဖွဲ့နှင့် ပုဂ္ဂလိကဝန်ထမ်းများ မဖြစ်မနေ သွားလာရမည့်သူကတ်ဟူ၍ ၅မျိုးအား ချိတ်ဆွဲ သွားလာရန်၊ အဆိုပါကတ်များ ချိတ်ဆွဲသွားလာခြင်း မရှိပါက ဒဏ်ငွေ ၃၀၀၀ ကျပ်၊ Mask မတပ်ပါက ဒဏ်ငွေ ၂၀၀ ကျပ်နှင့် ပြစ်မှု အကြိမ်ကြိမ်ကျူးလွန်ပါက တည်ဆဲဥပဒေများအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပုသိမ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရာဇာအေးထံမှ သိရသည်။

 

ကိုတွတ်ပြန်/ဆက်