ပုသိမ် ၁ မတ်
ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် တောင်သူလယ်သမားနေ့ အထိမ်းအမှတ် တောင်သူ အသိပညာပေးပြခန်းများဖွင့်ပွဲကို ယနေ့နံနက်က ဝါးဒူးကျေးရွာ၌ ကျင်းပသည်။
အဆိုပါ တောင်သူအသိပညာပေးပြခန်းများဖွင့်ပွဲ အခမ်းအနားကို ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးသန်းထွန်း၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစန်းဌေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသော ဧည့်သည်တော်များက စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး ပြခန်းများကို လှည်လည်ကြည့်ရှုကြသည်။
အဆိုပါ တောင်သူအသိပညာပေးပြခန်းများတွင် လယ်ယာသုံးစက်ကိရိယာဖြင့် ထွန်ယက်ပြသခြင်း၊ ကောင်းကင်မျိုးစေ့ကျဲ ကိရိယာဖြင့် မျိုးစေ့ကျဲပက်ခြင်း၊ ကောင်းကင်ဆေးဖြန်းစက်ဖြင့် ဆေးဖြန်းပြသခြင်း၊ ဖိုးတောင်သူတဲ အပါအဝင် ဌာနဆိုင်ရာပြခန်းများ၊ တောင်သူလယ်ယာသုံးစက်ကိရိယာ အရောင်းပြခန်းများ၊ စိုက်ပျိုးရေးနှင့်ပတ်သက်သည့် အသိပညာပေး ပြခန်းများ၊ SMU ကျေးရွာများမှ ထုတ်ကုန်ပစ္စည်းများပြခန်း၊ တောင်သူများနှင့် ဆက်စပ်ကုမ္ပဏီများမှ ပြခန်းများ၊ သဘာဝပစ္စည်းများဖြင့် စိုက်ပျိုးထားသော ပညာပေးသီးနှံစိုက်ခင်းများကို ပြသထားသည်။
အဆိုပါ ၂၀၂၀ ပြည့်နှစ် တောင်သူလယ်သမားနေ့ အထိမ်းအမှတ် တောင်သူအသိပညာပေး ပြခန်းများကို မတ် ၂ ရက်နေ့အထိ ပြသပေးမည်ဖြစ်ပြီး လူသုံးကုန်၊ စားသောက်ကုန်များ ရောင်းချခြင်းနှင့် ညပိုင်းတွင် ဇာတ်ပွဲ၊ ဖျော်ဖြေရေးပွဲများ၊ ကျေးလက်ဒေသ ဈေးတန်းများဖြင့် စည်ကားစွာကျင်းပမည်ဖြစ်ကြောင်း သိရသည်။
လှမင်းထွဋ် (ပြန်/ဆက်)


