ဟင်္သာတ၊ ဧပြီ ၂၇

 

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ဧပြီ ၂၆ ရက် နေ့လယ်ပိုင်းက ဟင်္သာတမြို့၊ ပန်းဘဲတန်းရပ်ကွက်၊ နွယ်သာကီလမ်းရှိ သူနာပြုသင်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး  သင်တန်းခန်းမတွင် ဟင်္သာတခရိုင်အခြေစိုက် ပြည်သူ့ကျန်းမာရေး ကြီးကြပ်(၂) သင်တန်းအမှတ်စဉ် (၄/၂၀၂၁)  သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

 

အခမ်းအနားတွင် ဝန်ကြီးချုပ်မှ သင်တန်းဆင်း အဖွင့်အမှာစကား ပြောကြားခဲ့ရာ ယနေ့ သင်တန်းဆင်း သူနာပြုများအနေဖြင့် နိုင်ငံနှင့်လူမျိုးအတွက် အားထားရသော မောင်မယ်များအဖြစ် ကြိုးစားကြစေလိုကြောင်း၊ သင်ယူတတ်မြောက်ခဲ့သော ဆေးဝါးအတတ်ပညာနှင့် ကျန်းမာရေးအသိမြင်များကို မိမိတို့ကျရာ ဒေသအသီးသီးရှိ မိဘပြည်သူများအား စေတနာဝါသနာ အပြည့်ဖြင့် ပြန်လည်အကျိုးပြုစေလိုကြောင်း၊ မိမိတို့ဘဝ တက်လမ်းများကိုလည်း လုပ်ငန်းခွင်အတွင်းမှ ထပ်မံကျိုးစားကြစေလိုကြောင်း၊ ယနေ့သင်တန်းဆင်းပွဲမှ မောင်မယ်များအားလုံးကို နိုင်ငံတော်ကိုယ်စား၊ ကျန်းမာရေးဝန်ကြီးဌာနကိုယ်စား၊ မိဘပြည်သူများအားလုံးကိုယ်စား အထူးဝမ်းမြောက် ဂုဏ်ယူပါကြောင်း ပြောကြားသည်။ ထို့နောက် ဝန်ကြီးချုပ်က သင်တန်းသား/ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ပြီး ထူးချွန်ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ကာ ထောက်ပံ့ငွေနှင့် အလှူငွေများ ပေးအပ်ခဲ့သည်။

 

အဆိုပါသင်တန်းကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၅ ရက်မှ ၂၀၂၂ ခုနှစ် ဧပြီ ၂၆ ရက်အထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား (၁၂)ဦး၊ သင်တန်းသူ (၃၀) စုစုပေါင်း (၄၂)ဦးတို့အား သူနာပြုသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်ဝေဝေလွင် ဦးဆောင်သော ဆရာဆရာမများက သင်ကြားပို့ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ကိုဇော်-ဟင်္သာတ