ပုသိမ် မတ် ၂၆

 

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများလိုက်ပါလျက် မတ် ၂၅ ရက် နံနက်ပိုင်းတွင် မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ အရွှဲကျေးရွာအုပ်စု၊ အရွှဲကျေးရွာရှိ ရွှေဝါနဒီ စိုက်ပျိုးထုတ်လုပ်မှုကုမ္ပဏီ၊ ရွှေဝါနဒီ ဆန်ကြိတ်ခွဲသန့်စင်စက် လုပ်ငန်းသို့သွားရောက်၍ ဆန်ကြိတ်ခွဲတင်ပို့နိုင်ရေး ဆန်စက်လည်ပတ်နေမှု အခြေအနေများ ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ထိုသို့စစ်ဆေးစဉ် ဆန်စက်တာဝန်ခံမှ ဆန်ကြိတ်ခွဲမှု၊ သိုလှောင်မှု၊ (A -1, 2) ဇကွဲ တန် ၂၅၀ ကြိတ်ခွဲမှု၊ ထွန်းပုဆန် တန် ၅၀၀ ဆန်သန့်စင်ကြိတ်ခွဲမှုနှင့် ရန်ကုန်ရုံးချုပ်မှတစ်ဆင့် ပြည်ပတင်ပို့မှုအခြေအနေများ ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆန်အရည်အသွေးကောင်းမွန်စေရေး၊ ထုတ်ပိုးမှုစနစ်များ သေသပ်ကောင်းမွန်စေရေး၊ ပြည်ပစျေးကွက် ပိုမိုထိုးဖောက်နိုင်ရေးနှင့် ဘေးထွက်ပစ္စည်းများအား အကျိုးရှိစွာ ပြန်လည်အသုံးချစေရေး ကြိုးပမ်းဆောင်ရွက်ရန် မှာကြားခဲ့သည်။

 

ဆက်လက်၍  (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ကျေးရွာလျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားများအား ယနေ့နံနက်ပိုင်းက ပန်းတနော်မြို့နယ်၊ ရွှေလှေကျေးရွာနှင့် မင်းဂရုကျေးရွာတို့၌ ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

 

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၂-၂၀၂၃ တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ၁၁/၀.၄ ကေဗွီလိုင်းနှင့် ၁၀၀ ကေဗွီအေ ထရန်စဖော်မာ ၂ လုံး တည်ဆောက်ပေးပြီး ကျေးရွာမှ ကိုယ်ထူကိုယ်ထဖြင့် ၄၀၀ ဗို့ ဓာတ်အားလိုင်း သွယ်တန်းဆောင်ရွက်သည့် ရွှေလှေကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားအား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

 

ဆက်လက်၍ ‌တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မင်းဂရုကျေးရွာတွင် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း (NEP Phase II)ဖြင့် ဆောင်ရွက်သည့် လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားအား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များ တင်ပြမှုအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်

 

အဆိုပါကျေးရွာများတွင် ‌လျှပ်စစ်မီး ဖွင့်လှစ်ပေးနိုင်ခဲ့ခြင်းကြောင့် ရွှေလှေကျေးရွာရှိ အိမ်ခြေ (၇၀)၊ မင်းဂရုကျေးရွာရှိ အိမ်ခြေ (၂၃၀)တို့မှ ဒေသခံပြည်သူများ လျှပ်စစ်မီးများ စတင်သုံးစွဲနိုင်မည်ဖြစ်ပြီး ကျေးရွာနေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း များစွာအထောက်အကူ ပြုစေမည်ဖြစ်ကြောင်း သိရသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ပုသိမ်မြို့၊ အမှတ်(၄)ရပ်ကွက်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပုသိမ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တိုင်းဒေသကြီး အထွေထွေပိုလျှံရန်ပုံငွေဖြင့် ပန်းခြံလမ်း (အရှည် ၁၀၀၀ ပေ၊ အကျယ် ၂၀ ပေနှင့် ထု ၈ လက်မ)ရှိ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအား တက်ရောက်ဖွင့်လှစ်ပေးပြီး လှည့်လည်ကြည့်ရှုစစ်ဆေးကာ ရေရှည်တည်တံ့စေရေး၊ သန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြရန် မှာကြားခဲ့သည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)