မြောင်းမြ စက်တင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ပိုးလောင်းကျေးရွာအုပ်စု၊ ညောင်ချောင်းလေးကျေးရွာတွင် SSBE Myanmar Group Co . Ltd ၏ လောင်စာတောင့် စက်ရုံ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
လောင်စာတောင့်စက်ရုံ ဖွင့်ပွဲအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ စီးပွားရေးရာဝန်ကြီး ဦးတင်အေး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ SSBE ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ မစ္စတာဖုန့်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ယင်းနောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ဧရာဝတီတိုင်း ဒေသကြီးတွင် နွေစပါးမိုးစပါးဧက ငါးသန်းကျော်ရှိ၍ စပါးတင်းသိန်းပေါင်း လေးထောင် ကျော်ထွက်ရာ စပါးခွံများတောင်လိုပုံနေကြောင်း၊ ယခုစပါးခွံများကို အကျိုးရှိအောင် အသုံးချ၍ ရပြီဖြစ်ကြောင်း၊ အမှန်အသုံးချနိုင်အောင် အကောင်အထည်ဖော်နိုင်ရန်လို ကြောင်း၊ စပါးခွံသာမက မြေပဲခွံများကိုလည်း လောင်စာတောင့်အဖြစ်အသုံးချ၍ ရကြောင်းကိုသိရကြောင်း၊ MSME ကို ကိုယ့်တိုင်းဒေသကြီးတွင်ရှိသည့် ကုန်ကြမ်းများဖြင့် လုပ်မှသာ ရေရှည်ဖွံ့ဖြိုးတိုးတက်မှာဖြစ်ကြောင်း၊ မိမိတိုင်းဒေသကြီးတွင် ကုန်ကြမ်းများ စွာရှိကြောင်း၊ စပါးခွံမှ လောင်စာစွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားရရှိအောင် ထုတ်နိုင် ကြောင်းသိရ၍ တိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများ လျှပ်စစ်လိုအပ်မှုကို ဖြည့်ဆည်း ပေးနိုင်ကြောင်း ပြောကြားသည်။
ထို့နောက် SSBE ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ မစ္စတာဖုန့်က စက်ရုံ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပြီး ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် အစိုးရအဖွဲ့ဝင်များသည် စက်ရုံအတွင်း လုပ်ငန်းဆောင်ရွက်နေသည်များကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မြောင်းမြ ပညာရေးဒီဂရီ ကောလိပ်တွင် ကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံအမှာစကားပြောကြားပြီး ဆန်၊ ဆီ၊ ကြက်ဥများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)